မြန်မာနိုင်ငံတွင် အမှိုက်စိုအမှိုက်ခြောက် ခွဲခြားစွန့်ပစ်နိုင်သည့်စနစ်ကို မန္တလေးမြို့တွင် စတင်ကျင့်သုံးမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်၊ သန့်ရှင်းရေးဌာန ဒုဌာနမှူး ဦးစိုးတင့်အောင်က ပြောကြားသည်။
ယင်းစနစ်ကို တရုတ်၊ ဂျပန်နှင့် ကိုရီးယားနိုင်ငံတို့မှ နမူနာယူကာ စတင်ကျင့်သုံးခြင်းဖြစ်သည်ဟု ၎င်းက ပြောဆိုသည်။
ပတ်ဝန်းကျင်ကို အနှောင့်အယှက်ဖြစ်စေပြီး ခေတ်မမီတော့သည့် အမှိုက်ပုံးများနေရာတွင် နိုင်ငံတကာအဆင့်မီ အမှိုက်ပုံးများ ပြောင်းလဲအသုံးပြုမည်ဖြစ်ကြောင်း ဦးစိုးတင့်အောင်က ထပ်မံပြောကြားသည်။
ကားတာယာအဟောင်းဖြင့် ပြုလုပ်ထားသည့်အမှိုက်ပုံးများသည် Recycle အဖြစ် ပြန်လည်အသုံးပြု၍ရသော်လည်း ခြင်များခိုအောင်းနေနိုင်ခြင်း၊ ပလတ်စတစ်အမှိုက်ပုံးများသည်လည်း ရိုက်ချိုးဖျက်ဆီးနိုင်ခြင်းတို့ကြောင့် စတီးနှင့် သံဖြင့်ပြုလုပ်ထားသည့် အမှိုက်ပုံးများကို ပြောင်းလဲအသုံးပြုခြင်းဖြစ်ကြောင်း ၎င်းကရှင်းပြသည်။
သံအမှိုက်ပုံးသည် ကျပ်နှစ်သိန်းခန့်တန်ဖိုးရှိပြီး စတီးအမှိုက်ပုံးသည် ကျပ်နှစ်သိန်းခွဲတန်ဖိုးရှိကြောင်း၊ ယင်းအမှိုက်ပုံးများအတွက် အလှူရှင်တစ်ဦးက ကျပ်သိန်းတစ်ရာ လှူဒါန်းကာ အခြားတစ်ဦးက ကျပ် ၁၄ သိန်း လှူဒါန်းခဲ့ကြောင်း မန္တလေးမြို့တော်စည်ပင်ထံမှ သိရသည်။
“ဘတ်ဂျက်က ဒီဟာ (အမှိုက်ပုံး) တွေအတွက် သိပ်မလျာထားဘူး။ ကားနဲ့ဆွဲလို့ရတဲ့ ကန်အကြီးတွေအတွက်ပဲ လျာထားတာ။ အလှူရှင်ရှိတော့ ပိုကောင်းတာပေါ့” ဟု ဦးစိုးတင့်အောင်က ပြောဆိုသည်။
အဆိုပါအမှိုက်ပုံးများ၏ ဘေးမျက်နှာပြင်တွင် အမှိုက်ခွဲခြားစွန့်ပစ်ရန် သရုပ်ဖော်ပုံများပြသထားပြီး ပညာပေးစာသားများ ရေးသားထားရာ အများပြည်သူ အပန်းဖြေအနားယူသည့်နေရာများတွင် ထားရှိရန် မန္တလေးမြို့တော်စည်ပင်က စီစဉ်ထားသည်။
မန္တလေးမြို့တော်စည်ပင်အနေနှင့် မြို့တော်သန့်ရှင်းရေး မဟာဗျူဟာစီမံချက်ဖြင့် လုပ်ဆောင်နေရာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကျပ်သန်း ၂၀၀၀ တန်ဖိုးရှိ အမှိုက်ကျင်းတစ်ခု တည်ဆောက်ရန်လည်းရှိကြောင်း မန္တလေးမြို့တော်စည်ပင်၊ သန့်ရှင်းရေးဌာနထံမှ ထပ်မံသိရသည်။
The Voice







0 comments:
Post a Comment