မွန်ပြည်နယ်၏ ပညာရေးအဆင့်အတန်းမှာ မြန်မာပြည်တွင် အကောင်းဆုံးဖြစ်နေပြီး လူနေမှုအဆင့်အတန်းမှာလည်း မြင့်မားကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားလိုက်သည်။
မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ Strand Hotel ၌ အောက်တိုဘာ ၃၁ ရက်က ကျင်းပသည့် 5BB အင်တာနက် မိတ်ဆက်ပွဲအခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ မွန်ပြည်နယ်သည် ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်ချက်၌ ဖြေဆိုသူ ၂၅၉၁၈ ဦး၊ အောင်မြင်သူ ၉၆၉၉ ဦးဖြင့် အောင်ချက် ၃၇ ဒဿမ ၄၂ ရာခိုင်နှုန်းရှိခဲ့ကြောင်းသိရသည်။ “ အများစုအားဖြင့် မွန်ပြည်နယ်မှာရှိတဲ့ ပညာရေးပိုင်းဆိုင်ရာ အဆင့်အတန်းနဲ့အရည်အသွေးက မြန်မာပြည်မှာ အကောင်းဆုံးပညာရေးအဆင့်အတန်းကို ရရှိတဲ့ပြည်နယ်တစ်ခုလည်းဖြစ်ပါတယ်။ နောက်တစ်ခုကလည်း ကျွန်တော်တို့နေတဲ့ လူနေမှုအဆင့်အတန်းကလည်း မြန်မာပြည်မှာ မြင့်မားတဲ့လူနေမှုအဆင့်အတန်းကိုရရှိတဲ့ ပြည်နယ်တစ်ခုလည်း ဖြစ်ပါတယ် ’’ ဟု ၀န်ကြီးချုပ်ဒေါက်တာအေးဇံက ပြောသည်။ မွန်ပြည်နယ်တွင် ကျိုက်ထို ၊သထုံ ၊ ပေါင်၊ မော်လမြိုင်၊ သံဖြူဇရပ်၊ ရေး စသည့် မြို့ကြီးများတည်ရှိ၍ အများစုမှာ ရော်ဘာ စိုက်ပျိုးရေး၊ ကျွဲကောခြံများ စသည့် စိုက်ပျိုးရေးကို အခြေခံကြောင်း၊ မော်လမြိုင်မြို့ တွင် လူဦးရေ နှစ်သန်းနီးပါးနေထိုင်လျက်ရှိကြောင်း သိရသည်။
ပြည်နယ်အတွင်းရှိ အခြေခံကျောင်းများမှာ အများအားဖြင့် ကောင်းမွန်သော အခြေခံအဆောက်အအုံများ ဖြစ်ကြသော်လည်း ဒေသခံများအတွက် ဘာသာစကားသင်ကြားမှုမှာ အခက်အခဲရှိနေကြောင်း သိရသည်။
(အကုန်သိသတင်းဌာန)

No comments:
Post a Comment