ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် တွင် နိုဝင်ဘာ ၁ ရက် ညပိုင်းက စက်ရုံဖယ်ရီကြိုပို့ယာဉ်ပေါ်အထိ အုပ်စုလိုက်ဓါးဖြင့် တက်ထိုးမှုဖြစ်ပွားခဲ့ပြီး အထိုးခံရသူဖယ်ရီယာဉ်မောင်းသေဆုံးခဲ့ကာ စက်ရုံဝန်ထမ်းအမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ဓါးနဲ့အထိုးခံရတဲ့ ယာဉ်မောင်းက တော့ သေဆုံးသွားတာ ဟုတ်ပါတယ်။ တရားခံဖမ်းမမိသေးပါဘူး၊ ကျွန်တော်တို့ ဆောင်ရွက်ဆဲပဲရှိပါသေးတယ်”ဟု မင်္ဂလာဒုံမြို့မရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက The Ladies သို့ပြောသည်။
အမှတ် ၃ လမ်းမ I Max ဆီဆိုင်ရှေ့တွင် EMC စက်ရုံဖယ်ရီကြို၍ ပြန်လာသည့် ဖယ်ရီကားနှင့် ဆိုင်ကယ်၃ စီး လူ၆ယောက် တို့ ခိုက်ရန်ဖြစ်ပွားခဲ့ရာ ဆိုင်ကယ်ပေါ်ပါလာသူများမှ ကားအား ခဲနှင့်ထု ကာ ရှေ့မှပိတ်ရပ်ပြီး ယာဉ်မောင်း အမည် မင်းသိန်း အသက်(၂၄)နှစ် အား ကားပေါ်ထိ ဓါးဖြင့်တက်ထိုးသဖြင့် ယာဉ်မောင်း ဘယ်ခါး အောက် ထိုးသွင်းဒဏ်ရာရရှိပြီး ခဲနဲ့ပေါက်သောကြောင့် ယာဉ်ပေါ်ပါရှိသူ စက်ရုံဝန်ထမ်း အမျိုးသမီးတစ်ဦး နဖူးပေါက်ပြဲ မျက်ခုံးကွဲ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အခင်းဖြစ်ပွားရာနေရာသို့ မင်္ဂလာဒုံမြို့မရဲစခန်းမှ လှည့်ကင်း ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ပုလဲအရန်မီးသတ်တပ်ဖွဲ့သို့ အကူအညီတောင်းခံရာ ဓါးထိုးခံရသူယာဉ်မောင်းနှင့် စက်ရုံဝန်ထမ်းအမျိုးသမီးအား မေဓါဝီဆေးရုံသို့ အချိန်မီ ပို့ဆောင်ကူညီခဲ့ကြောင်း ပုလဲအရန်မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။




No comments:
Post a Comment