ဆောင်းရာသီကာလ နိုဝင်ဘာလ ပထမပတ်အတွင်း တရုတ်နိုင်ငံဘက်မှ ဆောင်းလေအေးများ စတင်ဝင်ရောက်လာနေပြီး ယင်းလေအေးများ အားကောင်းနေခြင်းကြောင့် ချင်းပြည်နယ်အပါအဝင် ကုန်းမြင့်တောင်တန်းဒေသများ၌ ယခုရက်ပိုင်း အအေးပိုနေမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။
တရုတ်ပြည်မကြီးပေါ်မှ လေဖိအားများရပ်ဝန်းအားကောင်းနေပြီး မြန်မာနိုင်ငံ အရှေ့ဘက်ပိုင်းအထိ တိုးဝင်လာနေခြင်းကြောင့် ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ကုန်းမြင့်တောင်တန်းဒေသများတွင် ညအပူချိန်များ လျော့နည်းနေပြီး အအေးဓာတ် ပိုနေရခြင်းဖြစ်ကြောင်း ၎င်းကပြောဆိုသည်။
“လက်ရှိ မိုးလေဝသ အခြေအနေ တည်ငြိမ်နေပြီး အအေးဓာတ် ပိုလာနေတယ်။ ကုန်းမြင့်တောင်တန်းဒေသတွေမှာ သိသိသာသာလေး အေးပါတယ်”ဟု ဦးကျော်လွင်ဦးကဆိုသည်။
ယင်းသို့ဒေသအလိုက် ညအပူချိန်များ ကျဆင်းနေရ၌ လွိုင်လင်နှင့် ဟားခါးမြို့တို့တွင် ၈ ဒီဂရီစင်တီဂရိတ်၊ နောင်ချို၊ နန့်စန်၊ ပင်လောင်း၊ ဟဲဟိုးနှင့် ပြင်ဦးလွင်မြို့တို့တွင် ၁၀ ဒီဂရီစင်တီဂရိတ်နှင့် ရောက်ရှိခဲ့သည်။
နိုဝင်ဘာလ ၄ ရက်နေ့ နံနက် တိုင်းထွာချက်များအရ အနိမ့်ဆုံး အပူချိန်များမှာ ရန်ကုန်မြို့တွင် ၂၁ ဒီဂရီစင်တီဂရိတ်နှင့် နေပြည်တော်တို့တွင် ၂၀ ဒီဂရီစင်တီဂရိတ်ဖြစ်သည်။
ယင်းသို့ ဆောင်းလေအေးအားကောင်းနေမှုကြောင့် ယခုရက်ပိုင်းအတွင်း ဒေသအလိုက် အအေးပိုနေနိုင်သော်လည်း နိုဝင်ဘာလ ၉ ရက်နေ့ နောက်ပိုင်း၌ ဆောင်းလေအားကောင်းရာမှ ဖြစ်ပေါ်လာသည့် အရှေ့လေပွေလှိုင်းများ၏ အရှိန်ကြောင့် အချိန်အခါမဟုတ် မိုးပျံ့ပျံ့နှံ့နှံ့ ရွာသွန်းနိုင်သည့်အတွက် အအေးပြန်လျော့ကျဖွယ်ရှိနေကြောင်း ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ထပ်လောင်း ပြောဆိုသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်စသည့် ဒေသများ၌ နိုဝင်ဘာလ ၉ ရက်နေ့နောက်ပိုင်း အချိန်အခါမဟုတ် မိုးများရွာနိုင်သည့်အတွက် တောင်သူလယ်သမားများနှင့် ဆားလုပ်ငန်း လုပ်ကိုင်သူများအနေနှင့် ကြိုတင်ပြင်ဆင်ရန်လိုအပ်ကြောင်း ရာသီဥတုအခြေအနေ လေ့လာစောင့်ကြည့်သူများက သုံးသပ်ပြောကြားသည်။
The Voice






0 comments:
Post a Comment