Wednesday, November 28, 2018

အမေရိကန်အစိုးရအဖွဲ့က ထုတ်ပြန်သော ရာသီဥတုပြောင်းလဲဖောက်ပြန်မှုဆိုင်ရာ အစီရင်ခံစာကို သမ္မတထရမ့်က အယုံအကြည်မရှိဟုဆို


မိမိ၏ အမေရိကန်အစိုးရအဖွဲ့က ထုတ်ပြန်သော ရာသီဥတုပြောင်းလဲဖောက်ပြန်မှုဆိုင်ရာ အစီရင်ခံစာအပေါ် မိမိအနေနှင့် အယုံအကြည်မရှိဟု သမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုလိုက်ကြောင်း AP သတင်းဌာနက ရေးသားဖော်ပြသည်။ 
အမေရိကန်အစိုးရအဖွဲ့က အကယ်၍ ကာဗွန်ထုတ်လုပ်မှုကြောင့်ဖြစ်သော ရာသီဥတုပြောင်းလဲမှုကို ပြုပြင်ခြင်းမရှိပါက စီးပွားရေးဆုံးရှုံးမှုကြီးနှင့် ဆိုးရွားစွာရင် ဆိုင်ရလိမ့်မည်ဖြစ်ကြောင်း အစီရင်ခံစာတစ်ရပ် ထုတ်ပြန်ခဲ့မှုအပေါ် ထရမ့်က ယင်းသို့ တုံ့ပြန်လိုက်ခြင်းဖြစ်သည်။ 

အမေရိကန်အမျိုးသားရာသီဥတု အကဲဖြတ်ချက်ဟု အမည်ရသည့် အဆိုပါ အစီရင်ခံစာကို ပြီးခဲ့သည့် သောကြာနေ့က ထုတ်ပြန်ခဲ့သည်။ ယင်းအစီရင်ခံစာတွင် ကမ္ဘာကြီးပူနွေးလာမှုကြောင့် အမေရိကန် ပြည်ထောင်စုတွင် သဘာဝဘေးအန္တရာယ်များ ဆိုးရွားစွာဖြစ်ပေါ်နေသည်ဟု ထောက်ပြထားသည်။ 

အဆိုပါအစီရင်ခံစာတွင် သတိပေးဖော်ပြထားချက်များနှင့်ပတ်သက်၍ သမ္မတထရမ့်က “ကျွန်တော်ကတော့ အဲဒီအစီရင်ခံစာကို အယုံအကြည်မရှိဘူး။ ကျွန်တော် တွေ့ပါတယ်၊ တချို့ဟာတွေ ဖတ်ပြီးပါပြီ။ ကောင်းပါတယ်”ဟု ပြောကြားသည်။ 

အဆိုပါအစီရင်ခံစာကို အမေရိကန် အစိုးရအေဂျင်စီ ဒါဇင်ပေါင်းများစွာနှင့် ဌာနအမြောက်အမြား၏ အကူအညီဖြင့် ရေးသားခဲ့ခြင်းဖြစ်ပြီး ရာသီဥတုပြောင်းလဲ ဖောက်ပြန်မှုများကြောင့် လူသားများ၏ ကျန်းမာရေးထိခိုက်လာနိုင်ပြီး အခြေခံအဆောက်အဦများ ပျက်စီးနိုင်ကြောင်း၊ ရေကောင်းရေသန့်ရရှိနိုင်မှု အကန့်အသတ်ရှိလာနိုင်သလို လုပ်ငန်းအတော်များများတွင် ထိခိုက်မှုများ ရှိလာနိုင်ကြောင်း သတိပေးထားသည်။ 

အကယ်၍ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို ထိန်းချုပ်နိုင်ပါက အဆိုပါထိခိုက်မှုများလည်း လျော့ကျသွားနိုင်သည်ဟု ဆိုထားသည်။ 

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က ပြုလုပ်ခဲ့သော သုတေသနလေ့လာချက်တစ်ရပ်ကို အခြေခံကာ ယခုအစီရင်ခံစာသစ်ကို ဖြည့်စွက်ရေးသားခဲ့ခြင်းဖြစ်ပြီး ကမ္ဘာကြီး ပူနွေးမှုတွင် လူသားများသည် အဓိက အခရာကျသော မောင်းနှင်သူများဖြစ်သည်ဟု ထောက်ပြကာ တစ်ကမ္ဘာလုံးတွင် လွန်စွာဆိုးရွားသည့် ဂယက်ရိုက်ခတ်မှုများ ရှိလာနိုင်ကြောင်း သတိပေးသည်။ 

ယခုကဲ့သို့ အမေရိကန်အစိုးရက ထုတ်ပြန်သော ရာသီဥတုပြောင်းလဲမှုဆိုင် ရာအစီအရင်ခံစာကို ယုံကြည်မှုမရှိဟု ထရမ့်က ထုတ်ဖော်ပြောဆိုခြင်းသည် ဆန်းကြယ်သည့်ဖြစ်ရပ်တော့မဟုတ်ပေ။ အကြောင်းမှာ ထရမ့်သည် သမ္မတဖြစ်မလာမီ ယခင်ကတည်းကပင် ရာသီဥတု ပြောင်းလဲမှုနှင့်ပတ်သက်၍ ပြောချင်ရာ လျှောက်ပြောလေ့ရှိခဲ့သောကြောင့်ပင် ဖြစ်သည်။ 

ထရမ့်သည် ယမန်နှစ်ကလည်း ၂၀၁၅ ပဲရစ်သဘောတူညီချက်မှ အမေရိကန်ပြည်ထောင်စုကို နုတ်ထွက်စေလို သည့်ရည်ရွယ်ချက်ရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ သို့သော် လာမည့် ၂၀၂၀ ပြည့်နှစ် အမေရိကန်သမ္မတရွေးကောက်ပွဲ မကျင်းပဖြစ်သေးသရွေ့ ပဲရစ်သဘောတူညီချက်မှ နုတ်ထွက်ရန် မဖြစ်နိုင်ပေ။ 

ပဲရစ်သဘောတူညီချက်ဟူသည်မှာ ရာသီဥတုပြောင်းလဲဖောက်ပြန်မှုကို တိုက်ဖျက်ရန် အမေရိကန်ပြည်ထောင်စုနှင့် အီးယူအပါအဝင် ကမ္ဘာ့နိုင်ငံအချို့က လက်မှတ်ရေးထိုးခဲ့သည့် သဘောတူညီချက်ဖြစ်သည်။ 

ထရမ့်သည် အိုဘားမားလက်ထက် သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အစီအစဉ်များကို ဖျက်သိမ်းပစ်ခဲ့သည်။

The Voice

No comments:

Post a Comment