Sunday, November 4, 2018

ဒဏ်ခတ်ပိတ်ဆို့မှု ဆန်ရှင်တွေကို ဆန့်ကျင်ပြီး အီရန်မှာ အမေရိကန်သံရုံး သိမ်းပိုက်ခြင်း နှစ်ပတ်လည် အထိမ်းအမှတ် ပြုလုပ်


နိုင်ငံအနှံ့က အီရန်ပြည်သူ ထောင်သောင်းများစွာဟာ တီဟီရန်က အမေရိကန်သံရုံးကို ၁၉၇၉ ခုနှစ်အတွင်း စီးနင်းသိမ်းပိုက်မှု နှစ်ပတ်လည် အထိမ်းအမှတ်အခမ်းအနားကို နိုဝင်ဘာ ၄ ရက်မှာ စုရုံးကျင်းပကြပါတယ်။ 
အမေရိကန်သံရုံးဟောင်းရှေ့မှာ အင်အားထောင်ပေါင်းများစွာဟာ ၀ါရှင်တန်ရဲ့ ပေါ်လစီတွေ၊ အထူးသဖြင့် မကြာခင်က အီရန်အပေါ် ချမှတ်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှု ဆန်ရှင်တွေကို ဆန့်ကျင်ကြောင်း စုရုံးဆန္ဒပြကြပါတယ်။ 

“အမေရိကန် သေဆုံးပါစေ၊ အမေရိကန်ကို နင်းခြေပစ်။”စတဲ့ စာတမ်းတွေကို ကိုင်ဆောင်ထားကြသလို တစ်ချို့ ဆန္ဒပြသူတွေဟာ အမေရိကန်အလံကို နင်းခြေတာ၊ မီးရှို့တာတွေ လုပ်ဆောင်ကြပါတယ်။ ဒါတင်မက အစ္စရေးနဲ့ ဗြိတိန်အလံတွေကိုလည်း နင်းခြေမီးရှို့ကြပါတယ်။ 

တစ်ချို့ကတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ပုံတူအရုပ်တွေ၊ ရုပ်ပုံတွေကို နင်းခြေမီးရှို့ပါတယ်။ 

အီရန်ရဲ့ နှစ် ၄၀ သမိုင်းမှာ အစ္စလာမ္မစ်တော်လှန်ရေးက ဒေသတွင်း အမေရိကန်ရဲ့ ပေါ်လစီတွေ ဆက်တိုက်အရေးနိမ့် ကျဆုံးနေတာကို မီးမောင်းထိုးပြနေကြောင်း တီဟီရန်က လူထုစုရုံးမှုမှာ အီရန်တော်လှန်ရေးအစောင့်တပ် စစ်ဦးစီးချုပ် မိုဟာမတ်အလီဂျာဖာရီက ပြောခဲ့ပါတယ်။ 

“အီရန်ပြည်သူတွေကို ဘယ်တော့မှ ခြိမ်းခြောက်လို့ မရဘူး။ ကျုပ်တို့ကို စစ်ရေးနဲ့ လာမခြိမ်းခြောက်နဲ့။”ဆိုပြီး အလီဂျာဖာရီက ပြောပါတယ်။ 

၁၉၇၉ ခုနှစ် နိုဝင်ဘာ ၄ ရရက်မှာ အီရန်က တက္ကသိုလ်ကျောင်းသားအုပ်စုတစ်စုဟာ အမေရိကန်သံရုံးကို ဝင်ရောက်စီးနင်းခဲ့မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ 

အစ္စလာမ္မစ်နိုင်ငံတော်ကို ဖြုတ်ချရေး အဓိကလှုပ်ရှားမှုတွေရဲ့ သူလျှိုဌာနအဖြစ် ယူဆပြီး ဒီလို စီးနင်းခဲ့ကြရာမှာ အမေရိကန်သံတမန်ပေါင်း ၅၂ ဦးကို ရက် ၄၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းထားခဲ့တာ ဖြစ်ပါတယ်။ 

အခု စုရုံးဆန္ဒပြမှုတွေကော့ ၂၀၁၅ နျူကလီးယားသဘောတူညီမှုကြောင့် ရုပ်သိမ်းထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ အားလုံးကို အမေရိကန်က အီရန်အပေါ် ပြန်လည်ချမှတ်မယ်လို့ နိုဝင်ဘာ ၂ ရက်မှာ ဆုံးဖြတ်လိုက်တာကို ဆန့်ကျင်ကြခြင်းပဲ ဖြစ်ပါတယ်။

Mizzima - News in Burmese

0 comments:

Post a Comment