တရုတ်နိုင်ငံ အနောက်ပိုင်း ရှင်းကျန်းဝီဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း ဝီဂါ တိုင်းရင်းသားတွေကို ထိန်းသိမ်းဖို့ လုပ်ဆောင်ချက်ဟာ အကြမ်းဖက်မှု တိုက်ဖျက်ရေး လိုအပ်ချက်အတွက် လုပ်တာဖြစ်ပြီး တရုတ်ပြည်တွင်းရေးကို တခြားနိုင်ငံတွေက ဝင်မစွက်ဖက်ကြဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၇ ရက်မှာ ပြောလိုက်ပါတယ်။
“ရှင်းကျန်းပြည်နယ်ထဲမှာ နေကြတဲ့ လူ့အဖွဲ့အစည်းဟာ တည်ငြိမ်နေတယ်၊ ငြိမ်းချမ်းကျေနပ်စွာ နေထိုင် အလုပ်လုပ်နေတယ်ဆိုတာ ကျနော် အသားပေးပြောဖို့ လိုနေတယ်” လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ဂန်ရှောင်းက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဝီဂါတိုင်းရင်းသားတွေကို အကြီးအကျယ် ဖမ်းဆီးနေမှုအတွက် တရုတ်နိုင်ငံကို တခြားနိုင်ငံတွေက ဒဏ်ခတ်ရမယ်လို့ ရာနဲ့ချီတဲ့ ပညာရှင်တွေက နိုဝင်ဘာ ၂၆ ရက်မှာ ပြောခဲ့ကြတာပါ။
ပျက်ကွက်ခဲ့ရင် အပြစ်မဲ့ အရပ်သားတွေအပေါ် စိတ်ပိုင်းဆိုင်ရာ နှိပ်စက်မှုကို လက်ခံကြောင်း ပြရာရောက်လိမ့်မယ်လို့လည်း သတိပေးခဲ့ပါတယ်။
တရုတ်အစိုးရဟာ ရှင်းကျန်းပြည်နယ်မှာနေတဲ့ ဝီဂါမွတ်ဆလင်တွေနဲ့ တခြား တိုင်းရင်းသားတွေအပေါ် တင်းတင်းကျပ်ကျပ် စောင့်ကြည့်တာ၊ အကြီးအကျယ် ဖမ်းဆီးတာတွေနဲ့ ပတ်သက်ပြီး ပညာရှင်တွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ နိုင်ငံခြားအစိုးရတွေရဲ့ ဝေဖန်ပြစ်တင်မှုတွေကို လတ်တလောလတွေအတွင်း ရင်ဆိုင်နေရပါတယ်။
ရှင်းကျန်းဒေသအတွင်း လျှို့ဝှက်တည်ဆောက်ထားတဲ့ စခန်းတွေထဲမှာ ဝီဂါနဲ့ တခြား တိုင်းရင်းသားတွေ အယောက်တသန်းကျော်ကို ထိန်းသိမ်းထားတယ်ဆိုတဲ့ ယုံကြည်စိတ်ချရတဲ့ အစီရင်ခံစာ အများအပြား လက်ခံရရှိထားတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးအဖွဲ့က သြဂုတ်လမှာ ပြောခဲ့ပါတယ်။
DVB

No comments:
Post a Comment