ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြို့ပေါ်ရပ်ကွက်တချို့မှာ ကြားဖြတ်ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးပိုင်ခွင့်ရှိတဲ့ မဲဆန္ဒရှင်တချို့ အောက်တိုဘာ ၃၁ရက်နေ့က လာရောက် ကြိုတင်မဲပေးခဲ့ကြပါတယ်။
မြစ်ကြီးနားမြို့ သီတာရပ်ကွက်မှာ ကြိုတင်မဲ၂၅မဲနဲ့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၇၄၀ ဦး၊ ခေမာသီရိရပ်ကွက်မှာ ကြိုတင်မဲ၄၆မဲနဲ့ မဲဆန္ဒရှင် ၄၀၀၀ကျော်၊ တပ်ကုန်းရပ်ကွက်မှာ ကြိုတင်မဲ၂၀မဲနဲ့ မဲဆန္ဒရှင် ၁၉၀၀၀ကျော်ရှိတယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေထံက သိရပါတယ်။
မြစ်ကြီးနားမြို့နယ်မှ ဆန္ဒမဲပေးပိုင်ခွင့်ရှိတဲ့ မဲဆန္ဒရှင် စုစုပေါင်း ၂၀၃,၆၁၉ယောက်ရှိပြီး နိုဝင်ဘာ ၃ရက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့်နေ့မှာ မဲပေးနိုင်ဖို့ မဲရုံပေါင်း ၁၁၄ရုံ ဖွင့်လှစ်ပေးသွားဖို့ ရှိနေတာပါ။
လာမယ့် ကြားဖြတ် ရွေးကောက်ပွဲအတွက် မိမိနာမည်ပါမပါ မဲစာရင်း လာရောက်ကြည့်ရှုသူတွေ နည်းပါးနေတယ်လို့ တပ်ကုန်းအုပ်ချုပ်ရေးမှူး ဦးဘောက်နော်က ပြောပါတယ်။
“အခုတော့နည်းနည်းပါးပါးလာကြည့်တယ်။ မဲစာရင်းလာကြည့်တဲ့သူတွေ အားနည်းတယ်။”
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်မှာ လစ်လပ်နေတဲ့ အမျိုးသားလွှတ် တော်ကိုယ်စား လှယ်အတွက် ကြားဖြတ်ရွေးကောက်ပွဲကျင်းပမှာဖြစ်ပြီး ကိုယ်စားလှယ်လောင်း ၆ယောက်ဝင် ရောက်ယှဉ်ပြိုင်မှာပါ။
သင်းသင်းနွယ်
DVB

No comments:
Post a Comment