Tuesday, November 27, 2018

မုံရွာမှာ ကျောင်းအုပ်ဆရာမတစ်ဦးကို စိတ်ကြွဆေးပြား ၅၀၀၀ ကျော်နဲ့ဖမ်းမိ


မုံရွာမှာ မူလွန်ကျောင်းအုပ်ဆရာမ တစ်ဦးကို မူးယစ်ဆေးပြား ၅၀၀၀ ကျော်နဲ့ ဖမ်းမိတဲ့ဖြစ်စဉ်မှာ မူးယစ်ဆေးပြားတွေဟာ ရှမ်းပြည်နယ် တန့်ယန်းကနေ လာတာဖြစ်ပြီး အဆိုပါမူလွန်ကျောင်းအုပ်ဆရာမဟာ ထပ်ဆင့်ရောင်းချမယ့်သူဖြစ်နေတယ်လို့ ရဲမှတ်တမ်းအရ သိရပါတယ်။ 
ယမန်နေ့ မနက်က မုံရွာမြို့နယ် နတ်လူထိပ်ပန်ရပ်ကွက်အတွင်းက လ္ဘက်ရည်ဆိုင်တစ်ခုမှာ မူးယစ်သတင်းရလို့ သွားရောက် ရှာဖွေစစ်ဆေးခဲ့ရာမှာ အဆိုပါကျောင်းအုပ်ဆရာမ ဒေါ်နုနုလွင်နဲ့ အတူ အမျိုးသမီး တစ်ဦးကို မူးယစ်စိတ်ကြွဆေးပြား၅၃၄၆ ပြား နဲ့ အတူ တကွဖမ်းဆီးရမိလိုက်တာဖြစ်ပါတယ်။ 

ကျောင်းအုပ်ဆရာမဟာ ချောင်းဦးမြို့နယ် တောကျောင်းလေးရွာ မူလတန်းလွန်ကျောင်းတစ်ကျောင်းရဲ့ ကျောင်းအုပ်ဖြစ်ပါတယ်။ 

သူ့ထံ မူးယစ်ဆေးဝါးတွေလာရောက်ရောင်းချတာကတော့ တန့်ယန်းမြို့နယ် မိုင်းကောင်ကျေးရွာနေ "မနာဘို" ဆိုသူဖြစ်ပြီး သူဟာ သူ့ရဲ့မောင်ဝမ်းကွဲတော်စပ်သူ "ကျားယော်" နဲ့ ၂၆ ရက်နေ့မှာ မုံရွာကိုထွက်ခွာလာခဲ့တာဖြစ်ပါတယ်။ 

လ္ဘက်ရည်ဆိုင်အတွင်းမှာ ကျောင်းအုပ်ဆရာမနဲ့ ချိတ်ဆက်ပြီး မူးယစ်ဆေးပြားတွေ လာရောက်ပို့ဆောင်ရောင်းချသူ မနာဘို နဲ့ ဒေါ်နုနုလွင်တို့ကို ရဲတပ်ဖွဲ့ကဖမ်းဆီးပြီးနောက်မှာ တည်းခိုခန်းမှာတည်းခိုနေတဲ့ မနာဘိုရဲ့ မောင်ဝမ်းကွဲဖြစ်သူ ကျားယော်ကိုပါ သွားရောက်ဖမ်းဆီးခဲ့ပါတယ်။ 

အားလုံးပေါင်းဖမ်းဆီးရမိထားတဲ့ ပြစ်မှုကျူးလွန်သူ ၃ ဦးကို မုံရွာမြို့မရဲစခန်းမှာ မယ(ပ)၂၀/ ၂၀၁၈ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။ အခုဖြစ်စဉ် ရဲ့ ကနဦးသတင်းကိုတော့ နိုဝင်ဘာ ၂၇ ရက်နေ့မှာ ပေါ်ပြူလာနယူးစ်က တင်ဆက်ခဲ့ပြီးဖြစ်ပါတယ်။ 

ဓာတ်ပုံ - ကျော်မင်းထွန်း
Popular News Journal 


No comments:

Post a Comment