Thursday, November 1, 2018

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပုပ္ပါးတောင် ရေရှည်တည်တံ့ရေး၊ ဖွံ့ဖြိုးရေးနှင့် စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေး


နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက်ပိုင်း တွင် ပုပ္ပါးတောင်ကလပ်ရှိ ပြည်တော်အေး ဆုတောင်ပြည့်စေတီတော်အား သွားရောက် ဖူးမြော်ကြည်ညိုပြီး ပုပ္ပါးတောင် ရေရှည်တည်တံ့ရေး၊ ဖွံ့ဖြိုးရေးနှင့် စိမ်းလန်းစိုပြည်ရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။ 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ သမ္မတရုံးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမင်းသူ၊ တိုင်းဒေသကြီး ၀န်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၁ ရက် (ယနေ့) နံနက် ၇ နာရီ တွင် ပုပ္ပါးတောင်ကလပ်ရှိ ပြည်တော်အေး ဆုတောင်ပြည့်စေတီတော်အား သွားရောက် ဖူးမြော်ကြည်ညိုပြီး ပန်း၊ ရေချမ်း၊ ဆီမီးတို့ ကပ်လှူ ပူဇော်သည်။ 

ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ ၀င်များသည် ပုပ္ပါးတောင်ကလပ်ပေါ် ရှိ ဘုရားစေတီများအား ဖူးမြော်ကြည်ညိုကာ ပုပ္ပါး ဒေသဖွံ့ဖြိုးမှုနှင့် စိမ်းလန်းစိုပြည်မှု အခြေအနေများကို ကြည့်ရှုရာ တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပုပ္ပါးတောင် ရေရှည်တည်တံ့ရေး၊ ဖွံ့ဖြိုးရေးနှင့် စိမ်း လန်းစိုပြည်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု များကို ရှင်းလင်းတင်ပြကြသည်။ 

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် အဖွဲ့ ၀င်များနှင့်အတူ ပုပ္ပါးတောင်ကလပ်ရှိ အောင်ဓမ္မာရုံသို့ ရောက်ရှိရာ မြန်မာနိုင်ငံ ဘူမိ သိပ္ပံအသင်း အတွင်းရေးမှူး ဦးသန်းထွန်းက အသင်းဖွဲ့စည်းထားရှိမှုနှင့် ဖွဲ့စည်းရ သည့်ရည်ရွယ်ချက်၊ ဘူမိဗေဒဆိုင်ရာ လေ့လာတွေ့ရှိချက်များ၊ သက်ဆိုင်ရာအဖွဲ့ အစည်းများနှင့် ပူးပေါင်း၍ ကွင်းဆင်းဆောင် ရွက်နေမှုများ၊ ခါကာဘိုရာဇီ၊ အင်းတော် ကြီး၊ တွင်းတောင်(မုံရွာ)၊ ပုပ္ပါးတောင်၊ ပင်းတယ-အင်းလေးကန်နှင့် ဇွဲကပင်တောင်တို့ အား အမိကမ္ဘာစခန်းသာအဖြစ် ဆောင်ရွက်သွားမည့် အခြေအနေများနှင့် အသင်း၏ ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။ 

ယင်းနောက် မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်း ဒုတိယဥက္ကဋ္ဌ ဦးဆုံဟန်နှင့် အသင်းဝင် ဦးချိုဦးတို့က ပုပ္ပါးတောင်ကလပ်ဆိုင်ရာ အချက်အလက်များ၊ မြေပြိုမှုဖြစ်ပေါ်ရ သည့်အကြောင်းအရင်း၊ နောင်တွင် မြေပြိုမှုများ မဖြစ်ပေါ်အောင် ကြိုတင်စီမံ ဆောင် ရွက်ရမည့်လုပ်ငန်းများ၊ ကာကွယ်ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်သည့် လုပ်ငန်းများ ကို ရှင်းလင်းတင်ပြကြရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သိရှိလိုသည်များကို မေးမြန်းပြီး ကာကွယ်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရာ တွင် ရေရှည်အတွက်ထည့်သွင်း စဉ်းစားဆောင်ရွက်ကြရန် မှာကြားသည်။ 

ဆက်လက်၍ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်က ပုပ္ပါးတောင်ဆိုင်ရာ အချက်အလက်များ၊ ပုပ္ပါးတောင်ဥယျာဉ် သတ်မှတ်ဆောင်ရွက် နေမှု၊ ဇီဝမျိုးစုံမျိုးကွဲများ တည်ရှိမှု၊ ယူနက်စကို ကမ္ဘာ့ဘူမိဥယျာဉ် အဆိုပြုတင်ပြနိုင်ရန် ဆောင်ရွက်နေမှု၊ ဥယျာဉ်အတွင်းရှိ သဘာဝရေထွက်စမ်းများ တည်ရှိမှု၊ ထိန်းသိမ်းရေး လုပ်ငန်းများနှင့် သုတေသနစီမံကိန်းများ ဆောင်ရွက်နေမှု၊ သဘာဝ အခြေခံခရီးသွား လုပ်ငန်း ဖော်ဆောင်ရန် အခြေအနေနှင့် ရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ်မှုအခက် အခဲများကို ရှင်းလင်းတင်ပြသည်။ 

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် မြန်မာ နိုင်ငံ ဘူမိသိပ္ပံအသင်း ဒုတိယဥက္ကဋ္ဌ ဦးဆောင်သည့် အဖွဲ့များနှင့် ပုပ္ပါးတောင်ချစ်သူ များအသင်းဥက္ကဋ္ဌ ဦးတိုး ဦးဆောင်သည့် အဖွဲ့များအား စကားဝါ ဥယျာဉ်ဟိုတယ်၌ တွေ့ဆုံပြီး ပုပ္ပါးတောင်ရေရှည်တည်တံ့ရေးနှင့် ပုပ္ပါးဒေသ စိမ်းလန်းစိုပြည်ရေး ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။ 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် အတွင်း ကျရောက်သော ပုပ္ပါးတောင်သည် ဘူမိဖြစ်စဉ်အရ မီးတောင်ဟောင်းတစ်ခုဖြစ်ပြီး လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀၀၀ ခန့်က ပေါက်ကွဲခဲ့ပြီးနောက်ပိုင်း မီးငြိမ်းတောင်တစ်ခု အဖြစ် တည်ရှိနေခဲ့ပြီး အပူပိုင်းဒေသအတွင်း စိမ်းလန်းစိုပြည်သော အိုအေစစ်တစ်ခု အသွင် ဖြစ်တည်နေခြင်းဖြစ်ကြောင်း။ ပုဂံခေတ် အစောပိုင်းကာလများကပင် အမြင့်ပေ ၄၉၈၁ ပေမြင့်သည့် ပုပ္ပါး တောင်မကြီးသည် မဟာဂီရိ(ကြီးမြတ်သောတောင်ကြီး)၊ သက္ကဋဘာသာစကားဖြင့် ပုပ္ဖတောင်(ပန်းပွင့်သောတောင်)၊ ပုဗ္ဗတောင်(အရှေ့အရပ်တောင်) စသည့်အမည်များ ဖြင့် သမိုင်းအစဉ်အလာအရ ကိုးကွယ်ယုံကြည်မှုများ၊ အလေးအမြတ်ထားမှုများ၊ စာပေ လင်္ကာ ရေးသားဖွဲ့ဆိုမှုများနှင့်အတူ မြန်မာနိုင်ငံအနှံ့အပြား ထင်ရှားကျော်ကြားသည့် မီးငြိမ်းတောင်ကြီးလည်း ဖြစ်သည်။ 

၁၉၂၀ ခုနှစ်နောက်ပိုင်းမှစတင်၍ တောင်ကလပ်ကိုရှင်းလင်းပြီး တောင်တက် လမ်းဖောက်လုပ်ခြင်း၊ စေတီပုထိုးများတည်ထားခြင်း တို့ဖြင့် ဘာသာရေး အထိမ်းအမှတ် အဆောက်အဦများ တည်ထား ကိုးကွယ်ခဲ့ကြောင်း သိရသည်။ 

ပုပ္ပါးတောင်ဥယျာဉ်သည် တစ်ချိန်က သစ်ကြီးဝါးကြီးများဖြင့် ဖုံးလွှမ်းခဲ့ကြောင်း၊ ဗြိတိသျှကိုလိုနီအစိုးရလက်ထက် ၁၉၂၀ ခုနှစ်က အမိန့်ကြော်ငြာစာဖြင့် ပုပ္ပါးတောင် ကြိုးဝိုင်း ၂၉၅၆ ဧကကို စတင်ဖွဲ့စည်းထိန်းသိမ်းခဲ့ပြီး ဒုတိယကမ္ဘာစစ်အတွင်း သစ်တောများပျက်စီးခဲ့ရာ ပုပ္ပါးတောင်မှာ တောင်ကတုံးအဖြစ်သို့ ရောက်ရှိခဲ့ကြောင်း၊ လွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၉၅၄-၅၅ ခုနှစ်မှစတင်၍ ပုပ္ပါးတောင်ကြိုးဝိုင်း၏ အရန် သစ်တောနယ်မြေများကို ကာကွယ်တောအဖြစ် တိုးချဲ့ဖွဲ့စည်းခဲ့ပြီး သစ်တောဌာနမှ ဆက်လက်ထိန်းသိမ်းအုပ်ချုပ်ခဲ့ကြောင်း သိရသည်။ 

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် အဖွဲ့ ၀င်များနှင့်အတူ အထူးလေယာဉ်ဖြင့် ညောင်ဦးမြို့မှ ထွက်ခွာလာရာ မွန်းလွဲပိုင်းတွင် နေပြည်တော်သို့ ပြန်လည် ရောက်ရှိကြသည်။ 





Credit - Myanmar State Counsellor Office 
The Ladies News

No comments:

Post a Comment