Thursday, November 29, 2018

မော်လမြိုင်လေယာဉ်ကွင်းတိုးချဲ့ဧရိယာအတွက် မြေယာလျော်ကြေး ညှိနှိုင်းမှု အဆင်မပြေ


မော်လမြိုင်လေယာဉ်ကွင်းကို အဆင့်မြှင့်တင်ဆောက်လုပ်ရန်ရှိနေရာ တိုးချဲ့ဧရိယာအတွင်း ပျက်စီးဆုံးရှုံးမည့် မြေယာများအတွက် အစိုးရကလျော်ကြေးပေးရန် နိုဝင်ဘာလ ၂၇ ရက်နေ့က ညှိနှိုင်းခဲ့ရာ ညှိနှိုင်းမှုအဆင်မပြေခဲ့ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးရွှေမြင့်က ပြောကြားသည်။ 
“ဥယျာဉ်ခြံမြေပိုင်ရှင်တွေက သိန်း နှစ်ထောင်လောက်တောင်းတယ်။ လယ်သမားတွေကလည်း တစ်ဧကကို သိန်းသုံးရာလောက်တောင်းတယ်၊ မြေယာခွန်၊ လယ်ခွန်ဆောင်ထားတာက ဆယ်ဂဏန်း၊ ရာဂဏန်းပဲရှိတယ်၊ ဒီလိုလျော်ကြေးပေးတယ်ဆိုတာက တစ်နိုင်ငံလုံးအတိုင်းအတာအရ စံနဲ့ပေးရမယ်၊ ကရင်ပြည်နယ်မှာရော တခြားနယ်ကပေးတဲ့ စံနှုန်းအတိုင်းပဲ ကျွန်တော်တို့ပေးလို့ရမယ်၊ ပိုပေးလို့မရဘူး”ဟု ၎င်းက ပြောဆိုသည်။ 

လေယာဉ်ကွင်းတိုးချဲ့ဧရိယာတွင် ပါဝင်နေသည့် မြေပိုင်ရှင်များက ထိုသို့ တောင်းဆိုနေသော်လည်း အစိုးရက ချမှတ်ထားသည့်နှုန်းမှာ ဥယာဉ်ခြံမြေတစ်ဧကလျှင် ကျပ်သိန်း ၄၀၀၊ ကျိုက်မရော လမ်းမကြီးဘေးရှိ လယ်ယာမြေတစ်ဧကလျှင် ကျပ်သိန်း ၆၀ နှင့် အတွင်းပိုင်းကျသည့် လယ်ယာမြေကို တစ်ဧကလျှင် ကျပ်သိန်း ၄၀ သတ်မှတ်ထားကြောင်း ဦးရွှေမြင့်က ရှင်းပြသည်။ 

“ကျွန်တော်က လယ်မြေလည်း ပါတယ်။ ခြံမြေလည်းပါတယ်၊ ကျွန်တော်တို့က ခြံမြေကို တစ်ဧက (သိန်း) နှစ်ထောင်လောက် တောင်းထားတယ်၊ သူတို့က ၄၀၀ လောက်ပဲပေးမယ်၊ ညှိပေးမယ်ပြောတာပဲ။ ဘယ်လိုလာမလဲမသိဘူး၊ လယ်မြေကတော့ ဒသမ ၂၀ ဧကလောက်ပါမယ်။ လယ်ကိုတော့ သုံးရာတောင်းထားတယ်၊ ဒါက မြေဈေးပဲတောင်းထားတာ။ အပင် ဈေးမပါသေးဘူး၊ အပင်ဈေးကတော့ သူတို့ပေးတဲ့အတိုင်း သဘောတူတယ်”ဟု မော်လမြိုင်မြို့ ခြောက်မိုင်ရပ်ကွက် ဒေသခံ ဦးကံမြင့်က ပြောကြားသည်။ 

ထိုသို့ လျော်ကြေးပေးရာတွင် မွန်ပြည်နယ်အစိုးရအဖွဲ့အနေနှင့် လယ်ယာမြေနှင့် ဥယာဉ်ခြံမြေတို့အတွက် မြေယာလျော်ကြေးနှင့် ယင်းမြေပေါ်တွင် စိုက်ပျိုးထားသည့် သီးပင်စားပင်များနှင့် အဆောက်အဦတို့အတွက် သီးခြားစီပေးလျော်မည်ဖြစ်သည်။ 

ကြက်မောက်ပင် တစ်ပင်လျှင် ကျပ်သုံးသိန်း၊ ရော်ဘာပင်တစ်ပင်လျှင် ကျပ်သုံးသောင်း၊ ဆူးပုပ်ပင်တစ်ပင်လျှင် တစ်သောင်းခွဲ၊ ကင်ပွန်းပင်တစ်ပင်လျှင် တစ်သောင်းခွဲ၊ အိမ်လျော်ကြေးအနေနှင့် ဆောက်လုပ်ထားသည့် အိမ်ပေါ်မူတည်၍ ပေးလျော်မည်ဖြစ်ကြောင်း၊ ရေတွင်းတစ်တွင်းလျှင် ကျပ်ငါးသိန်း၊ တဲတစ်လုံးလျှင် ကျပ်ခြောက်သိန်း ပေးလျော်ရန်ညှိနှိုင်းမှုကိုမူ သဘောတူခဲ့ကြောင်း လေယာဉ်ကွင်း အဆင့်မြှင့်တင်မှုကြောင့် ဖယ်ရှားခံရမည့်နေရာမှ ဒေသခံများက ပြောဆိုသည်။ 

လေယာဉ်ကွင်းတိုးချဲ့ရာတွင် ပါဝင်သည့် မြေဧရိယာအနက် ပိုင်ရှင်၂၄ ဦးနှင့် ညှိနှိုင်းရာတွင် အဆင်မပြေဖြစ်ခဲ့သည့်အတွက် ဒီဇင်ဘာလ ၄ ရက်နေ့တွင် ထပ်မံညှိနှိုင်းမည်ဖြစ်ကြောင်း၊ ၎င်းတို့ တောင်းဆိုထားသည့်အပေါ် လိုက်လျောနိုင်သည့် အခြေအနေအထိ အစိုးရဘက်က ညှိနှိုင်းမည်ဖြစ်ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ ဗမာတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးရွှေမြင့်က ထပ်လောင်းပြောဆိုသည်။ 

“အစိုးရက ပေးကိုပေးရမယ်ဆိုပြီး လုပ်လို့တော့မရဘူး။ တစ်နိုင်ငံလုံးအတိုင်း အတာနဲ့ချထားတဲ့ စံညွှန်းအတိုင်းပဲရမယ်။ သူတို့တောင်းတဲ့ဈေးအတိုင်းတော့ မဖြစ်နိုင်ဘူး”ဟုလည်း ၎င်းက ထပ်မံပြောကြားသည်။ 

မြေလျော်ကြေးအတွက် ပြည်ထောင်စု အစိုးရအဖွဲ့က ကျပ်သိန်းငါးထောင်ကျော် လျာထားကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။ 

မော်လမြိုင်လေယာဉ်ကွင်းတိုးချဲ့ ဆောက်လုပ်မည့်ကိစ္စကို ပြည်ထောင်စုအစိုးရက တိုက်ရိုက်ကိုင်တွယ်၍ တင်ဒါခေါ်ယူထားပြီးဖြစ်ကာ တင်ဒါအောင်ထားသည့် ကုမ္ပဏီကလည်း လုပ်ငန်းအကောင်အထည်ဖော်ရန် စီစဉ်နေပြီဖြစ်သည်။ 

The Voice

No comments:

Post a Comment