Thursday, November 29, 2018

ဌာနဆိုင်ရာ အဆောက်အဦများဆောက်လုပ်မှုတွင် အရည်အသွေးနှင့်စံချိန်စံညွှန်း စစ်ဆေးမှုအတွက် မေးခွန်းထုတ်


ဌာနပိုင်အဆောက်အဦများ ဆောက်လုပ်မှုတွင် အရည်အသွေးစံချိန်စံညွန်းနှင့်ပတ်သက်ပြီး စစ်ဆေးနေမှုအား သိရှိလိုကြောင်း သာပေါင်းမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဒေါ်ခင်မိုးဝါက ဧရာဝတီ တိုင်းဒေသကြီးလွှတ်တော်တွင် မေးမြန်းခဲ့သည်။ 
“၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ ဝန်ထမ်းအိမ်ရာ တည်ဆောက်ခြင်းလုပ်ငန်းဆိုလျှင် လုပ်ငန်းပြီးဆုံးသည့်တိုင်အောင်ကျွန်မတို့ လွှတ်တော်ကိုယ်စားလှယ်များ သိရှိခဲ့ရခြင်း မရှိပါဘူး။ဒီလုပ်ငန်းတွေနဲ့ အလားသဏ္ဍာန်တူလုပ်ငန်းများစွာဟာ အခြားဌာနအသီးသီးမှာလည်း ရှိနေပါတယ်။ ပွင့်လင်းမြင်သာမှုမရှိသော အခြေအနေတွေကိုထိန်းကြောင်းကြပ်မတ်ဖို့ ဆိုပါလျှင် ပွင့်လင်း မြင်သာပြီး ထိရောက်တဲ့ အရည်အသွေးစိစစ်ရေးအဖွဲ့တွေဖွဲ့စည်းတာဝန်ပေးအပ်ဖို့ မဖြစ်မနေလိုအပ်ပါတယ်” ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်မိုးဝါကမေးခဲ့သည်။ 

ထို့အပြင် သာပေါင်းမြို့နယ်တွင် ၂၀၁၈ခုနှစ်မီနီဘတ်ဂျက်ဖြင့် ဆောင်ရွက်သည့် မြို့နယ်မီးသတ်ဦးစီးဌာနရုံး ခြံစည်းရိုးကာရံခြင်းလုပ်ငန်း၊မြို့နယ်လယ်ယာမြေစီမံခန့် ခွဲရေးနှင့်စာရင်းဦးစီးဌာနရုံး အမှုတွဲခန်း တည်ဆောက် ခြင်းလုပ်ငန်းများသည် နိုင်ငံတော်ဘဏ္ဍာငွေများစွာအကုန်အကျခံတည်ဆောက်ခဲ့သော လုပ်ငန်းများဖြစ်ပြီး လုပ်ငန်းပြီးဆုံးချိန်မှသာ စစ်ဆေးပေးရန် အသိပေးအကြောင်းကြားလာခဲ့ကြောင်း သာပေါင်းမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်မိုးဝါက ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်တွင် ပြောကြားခဲ့သည်။ 

“အရည်အသွေး စံချိန်စံညွှန်းပြည့်မီခြင်းရှိမရှိကို တင်ဒါခေါ်ယူစဉ်က သက်ဆိုင်ရာဌာနက ဖွဲ့စည်းထားတဲ့ အရည်အသွေးစစ်ဆေးရေးကော်မတီဖြင့် စဉ်ဆက်မပြတ် စစ်ဆေးရမှာဖြစ်ပါတယ်။ အခါအားလျော်စွာ သက်ဆိုင်ရာမှ အရည်အသွေးစစ်ဆေးပေးပါရန် ညှိနှိုင်းလာပါက မြို့နယ်တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေး ကော်မတီအနေဖြင့် စစ်ဆေးပေးလျက်ရှိပါတယ်။ ၄င်းစစ်ဆေးမှုနဲ့ မလုံလောက်ပါက သက်ဆိုင်ရာဌာနရဲ့ လိုအပ်ချက်အရ တိုင်းဒေသကြီးတည်ဆောက်ရေး လုပ်ငန်းစိစစ်ရေးကော်မတီဖြင့်ဖွဲ့စည်းထားတဲ့ ဒေသ ပညာရှင်များပါဝင်တဲ့ Third Party အဖွဲ့များနဲ့ အရည်အသွေးစစ်ဆေးပေးလျက်ရှိပါကြောင်း တင်ပြလိုပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောသည်။

Mizzima - News in Burmese

No comments:

Post a Comment