Sunday, November 4, 2018

ကြားဖြတ်ရွေးကောက်ပွဲ၌ သတင်းထုတ်ပြန်မှု အားနည်းဟု စောင့်ကြည့်ရေးအဖွဲ့အချို့ ဝေဖန်

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲနှင့်ပတ်သက်၍ ကော်မရှင်သတင်းအချက်အလက် ထုတ်ပြန်မှု၊ ပွင့်လင်းမြင်သာမှုသည် ၂၀၁၇ ထက် ပွင့်လင်းမြင်သာမှု အားနည်းကြောင်း ပြည်တွင်းမှ ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့အချို့က ဝေဖန်လိုက်သည်။ 
နိုဝင်ဘာလ ၄ ရက်က ပြုလုပ်သည့် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့နှင့် ဖန်တီးအိမ်အဖွဲ့တို့၏ လေ့လာစောင့်ကြည့်ချက်များနှင့်ပတ်သက်သော ကနဦး အစီရင်ခံစာ ရှင်းလင်းပွဲတွင် အဆိုပါအဖွဲ့များက ဝေဖန်လိုက်ခြင်းဖြစ်သည်။ 

စောင့်ကြည့်၍မရသည့် ဖြစ်စဉ်နှစ်ခုရှိခဲ့ပြီး မဲဆန္ဒနယ် ပြင်ပ ကြိုတင်မဲ၊ မဲဆန္ဒတွင် အတွင်းကြိုတင်မဲ ကြည့်ခွင့်မရခဲ့ကြောင်း၊ ရွေးကောက်ပွဲသတင်းအချက်အလက် ရယူမှု အကြိုသုံးသပ်ချက်များကို ယှဉ်မည်ဆိုပါက အချိန်ဇယားမှအစ ၂၀၁၇ က များစွာ ပွင့်လင်းမြင်သာမှု ရှိခဲ့ကြောင်း ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့မှ အမှုဆောင် ဒါရိုက်တာ ဦးစိုင်းရဲကျော်စွာမြင့်က ပြောကြားသည်။ 

ယင်းအပြင် မဲရုံစုစုပေါင်း၏ ၅၀ ရာခိုင်နှုန်းမှာ မသန်စွမ်းများအတွက် မဲပေးရန်အခက်အခဲရှိကြောင်း၊ မဲရုံပြင်ဆင်မှု အားနည်းချက်ရှိကြောင်း ကိုစိုင်းရဲကျော်စွာမြင့်က ပြောကြားသည်။ 

“မဲရုံအပြင်အဆင် အားနည်းချက် ရှိတယ်။ ပြုပြင်ပြောင်းလဲဖို့လိုသေးတယ်”ဟု ၎င်းက ပြောကြားသည်။ 

၎င်းအဖွဲ့နှစ်ဖွဲ့သည် မဲရုံစောင့်ကြည့်လေ့လာသူ ၅၇၉ ဦးကိုစေလွှတ်၍ မဲဆန္ဒနယ် ၁၃ နေရာအနက် ၁၂ နေရာကို လေ့လာခဲ့သည်။ 

အကြမ်းဖျဉ်းအားဖြင့် မဲရုံအခင်းအကျင်း ပြင်ဆင်မှု၊ ဖြစ်စဉ်တစ်ခုလုံးတွင် ပွင့်လင်းမြင်သာမှု၊ နိုင်ငံသားစိတ်ဝင်စားမှု၊ ဥပဒေမူဘောင် တာဝန်ခံမှု စသည့် တွေ့ရှိချက်များကို ရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြထားပြီးဖြစ်ကြောင်း ဦးစိုင်းရဲကျော်စွာမြင့်က ပြောဆိုသည်။ 

ထို့ကြောင့် ကြားဖြတ်ရွေးကောက်ပွဲသတင်းထုတ်ပြန်မှု အခြေအနေနှင့်ပတ်သက်၍ The Voice သတင်းစာက ရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်ထံ ဆက်သွယ်မေးမြန်းသော်လည်း လက်ခံဖြေကြားခြင်း မရှိခဲ့ချေ။ 

ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့သည် ရွေးကောက်ပွဲ ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှု၊ နိုင်ငံသားများ အခွင့်အရေးတို့ကို ဥပဒေမူဘောင်မှ ပြုပြင်ပြောင်းလဲရေးတို့ ဆောင်ရွက်နေခြင်းဖြစ်သည်။ 

ဖန်တီးအိမ်အဖွဲ့သည် ၂၀၀၉ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး နိုင်ငံသား အသိပညာပေးခြင်းနှင့် ရွေးကောက်ပွဲဆိုင်ရာ ပညာပေးခြင်းလုပ်ငန်းများ၊ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်များနှင့် နိုင်ငံရေးပါတီတွင် ကျား-မ တန်းတူညီမျှရေးပါဝင်ရန် ဆောင်ရွက်ပေးနေသည့်အဖွဲ့ဖြစ်သည်။

The Voice

No comments:

Post a Comment