Friday, November 2, 2018

အင်ဒိုနီးရှားအမျိုးသမီးကို ဆော်ဒီအာရေဗျ သေဒဏ်ပေးကွပ်မျက်မှု ဂျကာတာအစိုးရ မကျေမနပ်ဖြစ်


ဆော်ဒီအာရေဗျတွင် အလုပ်လုပ်ကိုင်လျက်ရှိသော အင်ဒိုနီးရှားလူမျိုး အမျိုးသမီးအလုပ်သမားတစ်ဦးကို ၎င်း၏မိသားစုဝင်များ သို့မဟုတ် ကောင်စစ်ဝန်ရုံး အမှုထမ်းများအား အကြောင်းကြားခြင်းမရှိဘဲ ဆော်ဒီအစိုးရက သေဒဏ်ပေးကွပ်မျက်ခဲ့ခြင်းအတွက် အင်ဒိုနီးရှားအစိုးရက တရားဝင်ကန့်ကွက်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။ 
တူတိတူဆာလာဝတီဆိုသူ အင်ဒိုနီးရှားအမျိုးသမီးကို ဆော်ဒီအာရေဗျအစိုးရကသာ အစ်မြို့တွင် တနင်္လာနေ့ကကွပ် မျက်လိုက်သည်။ သူမသည် ၂၀၁၀ ပြည့်နှစ်က အလုပ်ရှင်ကို သတ်ဖြတ်ခဲ့ခြင်းကြောင့် သေဒဏ်ပေးခံခဲ့ရပြီးနောက် ၇ နှစ်ကျော်အကြာတွင် ကွပ်မျက်ခံလိုက်ရခြင်းဖြစ်သည်။ ယင်းအမှုတွင် တူတိတူဆာလာဝတီက ၎င်း၏အလုပ်ရှင်သည် ၎င်းကို မုဒိမ်းပြုကျင့်ရန် ကြိုးပမ်းခဲ့သောကြောင့် မိမိကိုယ်ကို ကာကွယ်သည့်အနေနှင့် သတ်ခဲ့ခြင်းဖြစ်သည်ဟု ထွက်ဆိုခဲ့သည်။ 

သူမကိုကွပ်မျက်ရန် ဆော်ဒီအစိုးရက ဆုံးဖြတ်ချက်ချမှတ်ခဲ့မှုအပေါ် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ဗုဒ္ဓဟူးနေ့က ပြစ်တင်ဝေဖန်လိုက်သည်။ ဂျကာတာအစိုးရအနေနှင့်လည်း ဆော်ဒီအစိုးရကို တရားဝင်ကန့်ကွက်ကြောင်းနှင့် ဆော်ဒီအာရေဗျသို့ရောက်ရှိနေသော အင်ဒိုနီးရှား အလုပ်သမားများကို ကောင်းမွန်စွာ ကာကွယ်စောင့်ရှောက်ပေးရန် တောင်းဆိုကြောင်း ဂျိုကိုဝီဒိုဒိုက ထုတ်ဖော်ပြောကြားသည်။ 

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာန၏ နိုင်ငံသားများကာကွယ်ရေးဌာနမှ ဒါရိုက်တာလာလူမိုဟာမက် အီကဘာက တူတိတူဆာလာဝတီအား ဆော်ဒီအာရေဗျက သေဒဏ်ပေး ကွပ်မျက်လိုက်မှုသည် နောင်တရစရာကိစ္စဖြစ်သည်ဟုဆိုသည်။ 

“ဆော်ဒီအာရေဗျဟာ ကျွန်တော်တို့ရဲ့ ကိုယ်စားလှယ်တွေကို အသိမပေးဘဲ တူတိတူဆာလာဝတီကို ကွပ်မျက်ခဲ့တယ်” ဟု ၎င်းက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။ 

မစ္စတူတိတူဆာလာဝတီက သူမ၏ အလုပ်ရှင်ဖြစ်သူသည် သူမကို ၂၀၁၀ ပြည့်နှစ်က မုဒိမ်းပြုကျင့်ရန် ကြိုးပမ်းခဲ့သောကြောင့် ခုခံကာကွယ်ရာမှ သတ်ဖြတ်မိခဲ့ခြင်းဖြစ်သည်ဟု ဆော်ဒီတရားရုံးတွင် ထွက်ဆိုခဲ့သည်။ 

ပြည်ပရောက်အင်ဒိုနီးရှားအလုပ်သမားများ အခွင့်အရေးဆိုင်ရာ NGO တစ်ခုဖြစ်သော Migrant Care အဖွဲ့ကမူ တူတိတူဆာလာဝတီအား ကွပ်မျက်မှုကို ပြင်းထန်စွာရှုတ်ချကြောင်း ကြေညာပြီး အစိုးရအနေနှင့် သံတမန်နည်းလမ်းဖြင့် အရေးယူဆောင်ရွက်မှုပြုရန် တောင်းဆိုလိုက်သည်။ 

အင်ဒိုနီးရှားအနေနှင့် ဆော်ဒီအာရေဗျသို့ အလုပ်သမားများစေလွှတ်မှုကို ကန့်သတ်ထိန်းချုပ်သင့်ကြောင်းလည်း ယင်းအဖွဲ့က ဆိုသည်။

The Voice

0 comments:

Post a Comment