အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ၁၆ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကို ယနေ့နိုဝင်ဘာ(၂၈)ရက် နံနက် ၈ နာရီက မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၆၂လမ်းရှိမနော်ရမ္မံလူထုဟစ်တိုင်ကွင်း၌ ပြုလုပ်ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် ဇနီး မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီ နာယကကြီး ဒေါက်တာယုယုမေ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ အမျိုးသမီးရေးရာကော်မတီ အဖွဲ့ဝင်များ၊ အသင်းအဖွဲ့များနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တတ်ရောက်ကြသည်။
အခမ်းအနားတွင် ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က "နိုဝင်ဘာ ၂၅ ရက်မှာ အမျိုးသမီးများ ကာကွယ်ဖို့ တစ်ကမ္ဘာလုံးမှာ ပြုလုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ NLD အစိုးရအဖွဲ့တက်ပြီးနောက် အမျိုးသမီးကော်မတီကို ဖွဲ့စည်းပြီး အမျိုးသမီးစွမ်းဆောင်ရည် မြှင့်မားပြီး အမျိုးသမီးအခွင့်အရေး ပြည့်ဝစွာရရှိစေရန် ဆောင်ရွက်လျှက်ရှိပါတယ်"ဟု ပြောကြားခဲ့သည်။
နိုဝင်ဘာ(၂၅)ရက်နေ့မှစတင်ပြီး သက်ဆိုင်ရာက မိမိတို့ကဏ္ဍအလိုက် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှုများ ပြုလုပ်ခဲ့ရာ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ ကျား/မအခြေပြုပညာပေးတခန်းရပ် ပြဇာတ်ကပြဖျော်ဖြေခြင်း၊ မျိုးဆက်ပွားသားဆက်ခြားခြင်း ပညာပေးဟောပြာခြင်း၊ HIV/AIDS အသိပညာပေးဟောပြောခြင်းများ ပါဝင်မည်ဖြစ်ပြီး ယခုနှစ်အတွက် တစ်ကမ္ဘာလုံးမှာ အသုံးပြုသွားမည့် ဆောင်ပုဒ်သည် "အကြမ်းဖက်မှု ရပ်တန့်ရေး အမျိုးသမီး အသံနားထောင်ပေး" ဖြစ်သည်။
အဆိုပါအမျိုးသမီးများ အကြမ်းဖက်မှုဆန့်ကျင်ရေး (ဖဲကြိုးဖြူလှုပ်ရှားမှု)အဖြစ် အသိပညာပေးခြင်း ၁၆ရက်တာ လှုပ်ရှားမှုအစီအစဉ်ကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီ၏ဦးဆောင်မှုဖြင့် အမျိုးသမီးအရေးကို တက်ကြွစွာလှုပ်ရှားဆောင်ရွက်နေသော UN, INGO, NGO, CSOများပူးပေါင်းကျင်းပလျက်ရှိရာ နိုဝင်ဘာ ၂၅ ရက်တွင် အောင်မြေသာစံမြို့နယ် ညောင်ကွဲရပ်တွင်လည်းကောင်း၊ နိုဝင်ဘာ ၂၆ ရက် ညနေ ၄ နာရီတွင် ၄၃- ၄၅လမ်းကြား ကမ်းနားလမ်း သံလျှက်မှော်အနောက်ရပ်ကွက် ပေါ်တော်မူဘုရားဝန်း မဟာအောင်မြေမြို့နယ်တွင်လည်းကောင်း၊ ယနေ့ နိုဝင်ဘာ ၂၈ရက်တွင် မဟာအောင်မြေမြို့နယ် ၆၂လမ်းရှိမနော်ရမ္မံလူထုဟစ်တိုင်ကွင်းတွင်လည်းကောင်းကျင်းပခဲ့ပြီး ဒီဇင်ဘာ ၂ရက်နေ့ ညနေ ၄ နာရီတွင် ရတနာပုံတံတားအဆင်း ရွှေကြက်ယက်ဘုရားအနီး ရွှေကြက်ယက်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့ အမရပူရမြို့နယ်တွင်လည်းကောင်း၊ ဒီဇင်ဘာ ၃ ရက် ညနေ ၄ နာရီတွင် ၂၆လမ်းနှင့် ၉၁လမ်းထောင့် ချမ်းသာရထုံးကုန်း၊ ချမ်းအေးသာစံမြို့နယ်တွင်လည်းကောင်း၊ ဒီဇင်ဘာ ၅ ရက် ညနေ ၄ နာရီတွင် GTC ကျောင်းအနီး မကျဉ်းပင်စောက်ရပ်ကွက်၊ ပုသိမ်ကြီးမြို့နယ်တွင်လည်းကောင်း၊ ဒီဇင်ဘာ ၇ ရက် ညနေ ၄ နာရီတွင် ၅၃လမ်းနှင့်ရွာလယ်လမ်းထောင့် အောင်ပင်လယ်ရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်တွင်လည်းကောင်း၊ ဒီဇင်ဘာ ၈ ရက် ညနေ ၄ နာရီတွင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးအနီးဇီးကုန်းရပ်ကွက်၊ ပြည်ကြီးတံခွန်မြို့နယ်တွင်လည်းကောင်း၊ ဒီဇင်ဘာ ၁၀ ရက် ညနေ ၄ နာရီတွင် အုတ်ဖိုများ၊ မတ္တရာမြို့နယ်တို့တွင်လည်း ပညာပေးအသိပညာပေးခြင်းများ ပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
Isee Media





No comments:
Post a Comment