Wednesday, November 28, 2018

ငွေဆောင်ကမ်းခြေရှိ ကမ်းခြေဆင်းလမ်း ငါးနေရာအနက် သုံးနေရာအား လုပ်ငန်းရှင်အချို့က ပိတ်ဆို့ထားသည်ကို ၂၀၁၉ ခုနှစ် နှစ်ဆန်းတွင် ပြန်လည်ဖွင့်လှစ်ပေးရန် လွှတ်တော်ဥက္ကဋ္ဌက အစိုးရအဖွဲ့အား တိုက်တွန်း


ငွေဆောင်ကမ်းခြေတွင် အပန်းဖြေစခန်းအဖြစ် စတင်ဖွင့်လှစ်စဉ်က သတ်မှတ်ခဲ့သော ကမ်းခြေဆင်းလမ်းငါးနေရာအနက် သုံးနေရာအား လုပ်ငန်းရှင်အချို့က ပိတ်ဆို့ထားသည်ကို အစိုးရသစ်လက်ထက်တွင် ပြန်လည်ဖွင့်လှစ်ပေးရန် ဆုံးဖြတ်ခဲ့သော်လည်း လက်တွေ့အကောင်အထည် မဖော် နိုင်သေးခြင်းကြောင့် ၂၀၁၉ ခုနှစ် နှစ်ဆန်းတွင် ပြန်လည်ဖွင့်လှစ်ပေးရန် အစိုးရအဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ်များ ပူးပေါင်းဆောင်ရွက်သွားရန် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က တိုက်တွန်းပြောကြားသည်။

နိုဝင်ဘာ ၂၇ ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ၁၄ ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် ပုသိမ်မြို့ မဲဆန္ဒနယ် အမှတ် (၂) ဦးအောင်သူထွေးက ငွေဆောင်မြို့ ကမ်းခြေဆင်းလမ်း အမှတ်(၂) (၃) (၄) များအား မည်သည့်အချိန်တွင် ဆောင်ရွက်သွားနိုင်မည့် အခြေအနေအား သိရှိလိုကြောင်း မေးခွန်းမေးမြန်းရာတွင် သက်ဆိုင်ရာဝန်ကြီးမှ ပြန်လည်ဖြေကြားရာ၌ နောက်ဆုံးဆောင်ရွက်သွားနိုင်မည့် အခြေအနေအား ထည့်သွင်းမဖြေကြားနိုင်ခဲ့မှုကို လွှတ်တော်ဥက္ကဋ္ဌက  တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ဟာ ၂၀၁၇ ခုနှစ်မှာ ဆုံးဖြတ်ထားတာဖြစ်တယ်။ အခု ၂၀၁၈ နိုဝင်ဘာ လကုန်ခါနီးအချိန်ထိကို ရောက်နေတဲ့ အချိန်မျိုးမှာ ကျွန်တော်တို့သည် ဒီနေရာ သုံးနေရာနဲ့ပတ်သက်ပြီးတော့ တိကျသေချာတဲ့ ဆုံးဖြတ်တဲ့အချက်အလက် တိကျခိုင်မာတဲ့ ဖြေရှင်းချက်မျိုး တိကျတဲ့ ပြည်သူအပေါ် အာမခံချက်ပေးနိုင်မဲ့ အခြေနေမျိုးဆိုတာ တစ်နှစ်ကျော်ကြာတဲ့ကာလအချိန်မှာ ဖော်ဆောင်ပေးနိုင်ဖို့ဆိုတာ အင်မတန်ကို အရေးကြီးနေပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ သုံးသပ်ရမယ်ဆိုရင် ကျွန်တော်တို့  လုပ်ငန်းစဉ်အကုန်လုံးဟာ ပလိုင်းပေါက်နဲ့ဖားကောက်သလို ဖြစ်နေပါတယ်။ ရှေ့ကတော့ ကောက်ထည့်နေပါတယ် ဒါပေမဲ့ နောက်ပိုင်းမှာ ပြန်ကြည့်လိုက်လို့ရှိရင်ဘာမှ အဖက်တင်ကျန်ခဲ့တာ မရှိပါဘူး။ ပြောချင်တာကတော့ ကျွန်တော်တို့ လိုချင်တာ လုပ်ငန်းအောင်မြင်မှုကို လိုချင်ပါတယ်။ ပြည်သူတွေက ယုံကြည်အားကိုးလို့ ကျွန်တော်တို့ကို တင်မြှောက်ထားတဲ့အခါမှာ ပြည်သူယုံကြည်မှုနဲ့ အတူတူ ကျွန်တော်တို့ဟာပြည်သူယုံကြည်ကို အလေးထားပြီးတော့ ဖော်ဆောင်ပေးဖို့လည်း လိုပါတယ်။ အဲဒါကြောင့်မို့ ကျွန်တော်တို့ဟာ တစ်နှစ်တာ ကာလကျော်နေတဲ့ အချိန်အထိကို ဒီလုပ်ငန်းစဉ်သုံးရပ်ကို ဆက်လက်အကောင်အထည် မဖော်ဆောင်နိုင်ဘူးဆိုရင် အစိုးရနဲ့လွှတ်တော်မှာလည်း အများကြီး ပုံရိပ်ကျဆင်းနိုင်မှာ ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် ဝန်ကြီးနောက်ဆုံး ဖြေကြားသွားတဲ့ ငွေဆောင်မြို့တွင် ကမ်းခြေဆင်းလမ်းပိတ်ဆို့မှုများ ကျောင်းမြေ အငြင်းပွားမှုများနှင့်ပတ်သက်၍ ပုသိမ်ခရိုင်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တိုင်းဒေသကြီး အစိုးရထံသို့ ဆက်လက်စစ်ဆေးတင်ပြသွားရန် လိုအပ်ကြောင်းဆိုတဲ့ အဖြေတစ်ခုဟာဆိုလို့ရှိရင် ကျွန်တော့်အမြင် ဒီအချက်နဲ့ပတ်သက်ပြီး လုံးဝအားရမှုမရှိဘူးဆိုတဲ့အကြောင်း လွှတ်တော်ဥက္ကဋ္ဌကြီးကို ပြန်လည်ပြီးတော့ တင်ပြပါတယ်။ အမှန်တကယ်ဆိုလို့ရှိရင် သက်ဆိုင်ရာဌာနတွေ သက်ဆိုင်ရာ အဖွဲ့အစည်းတွေသည် ဖွဲ့စည်းတာဝန်ပေးပြီး ဖွဲ့စည်းဆောင်ရွက်မယ်ဆိုရင် တိကျတဲ့အချိန်၊ တိကျတဲ့အချက်အလက်၊ တိကျတဲ့ အနေအထားမျိုးတွေကို အစိုးရအဖွဲ့က ညွှန်ကြားချက်တွေပေးပြီးတော့ လေးလေးနက်နက် စီမံဆောင်ရွက်မှသာလျှင် ဒီလိုလုပ်ငန်းတွေ အောင်မြင်တဲ့အကြောင်းမို့ ကျွန်တော့်အနေနဲ့ လိုချင်တာသည် ကျွန်တော်တို့ ဒီကမ်းခြေ ဆင်းလမ်းသုံးနေရာနှင့်ပတ်သက်ပြီးတော့ ဘယ်အချိန်ကာလမှာ အမြန်ဆုံးဆောင်ရွက် ပေးနိုင်မယ်ဆိုတဲ့ အခြေအနေမျိုးကိုပဲ သိရှိလိုကြောင်း ထပ်ဆင့်မေးခွန်းအနေနဲ့ မေးမြန်းအပ်ပါတယ်” ဟု ဦးအောင်သူထွေးမှ မေးခွန်းမေးမြန်းရာတွင် ထည့်သွင်းပြောကြားသည်။

လွှတ်တော်ကိုယ်စားလှယ်၏ မေးမြန်းမှုကို အစိုးရအဖွဲ့ကိုယ်စား စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြန်လည်ဖြေကြားရာတွင် ငွေဆောင်ကမ်းခြေရှိ ဟိုတယ်များမှ မူလမြေသိမ်းခံပြည်သူများနှင့် နစ်နာကြေးလျော်ကြေးများပေးဆောင်ရန် ညှိနှိုင်းဆောင်ရွက်နေရပြီး အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသည့် မြေနေရာသို့ ပြန်လည်မရောက်ရှိသေးခြင်း၊ လမ်းများအကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ဘတ်ဂျက်များ မလုံလောက်ခြင်းများကြောင့် ကြန့်ကြာနေခြင်းဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ခြင်းကို လွှတ်တော်ဥက္ကဋ္ဌက တိုက်တွန်းဖြေကြားခဲ့ရခြင်း ဖြစ်သည်။

“အခုဆိုရင် ၂၀၁၉ ခုနှစ် နှစ်ဆန်းတော့မှာ ဖြစ်ပါတယ်။ လာမဲ့ ၂၀၁၉ ခုနှစ်ကို ကမ်းခြေဆင်းလမ်းများဖြစ်သည့် ၂၊ ၃၊ ၄ လမ်း အောင်မြင်စွာဖွင့်လှစ်နိုင်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့် အစိုးရပူးပေါင်း ဆောင်ရွက်သွားရန် လိုအပ်ပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က ပြောကြားသည်။

ငွေဆောင်ကမ်းခြေရှိ ကမ်းခြေဆင်းလမ်းများ ပြန်လည်ဖွင့်လှစ်ပေးရေးအတွက် ဒေသခံပြည်သူများမှ အကြိမ်ကြိမ် ဆန္ဒထုတ်ဖော်တောင်းဆိုမှုများလည်း ပြုလုပ်ခဲ့သေးပြီး အစိုးရအဖွဲ့မှလည်း လမ်းများပြန်လည်ဖွင့်ပေးရန် အစည်းအဝေးအကြိမ်ကြိမ်ပြုလုပ်ခဲ့ကာ ဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။       

Eleven Media Group

0 comments:

Post a Comment