Tuesday, November 27, 2018

ပြည်သူ့အရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ရခိုင်ပြည်နယ်အရေး နဲ့ တိုင်းရင်းသား လူမျိုးအချင်းချင်း ယုံကြည်မှုအခက်အခဲ . . .


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်လည်းဖြစ် ပြောရေးဆိုခွင့်ရှိသူလည်း ဖြစ်တဲ့ ဒေါက်တာမျိုးညွန့် နှင့် မဇ္ဈိမကိုမျိုးသန့် တို့ တွေဆုံမေးမြန်းခြင်း အပိုင်း(၂)မှာတော့ ဝန်ထမ်းတွေနဲ့ပတ်သက်၍ လည်းကောင်း၊ ပြည်သူတွေနဲ့ ပတ်သက်၍ လည်းကောင်း ၊ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်၍လည်းကောင်း၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်၍လည်းကောင်း ဆွေးနွေးမေးမြန်းထားတာကို တင်ပြလိုက်ပါတယ် ။ 
အပိုင်း - ၂ 

မေး။ ။ ဒီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အာဏာရပြီး နောက်ပိုင်းမှာ ရှေးရှေးက ရှိနေတဲ့ဝန်ထမ်းတွေ ပေါ့နော် ။ ရှေးနှစ်ပေါင်းများစွာက ဒီမှာလုပ်လာတယ် ဆိုတဲ့အခါကျတော့ သူတို့က ဒီအပြောင်းအလဲ ကို လိုက်ပါလာနိုင်မှုအားနည်းတယ်လို့ ကျွန်တော်တို့ သုံးသပ်လို့ရနိုင်ပါတယ် ။ ဆရာ့အနေနဲ့ နိုင်ငံ့ဝန်ထမ်းကောင်းတွေဖြစ်ဖို့ ဆက်လက်ပြီးတော့ ကြိုးစားမယ်ဆိုတာ နောက်ထပ်ပြီးတော့မှ အသေးစိတ်များပြောလို့ရမလား၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က ဒီဝန်ထမ်းတွေမပါရင် အလုပ်ကို တော်တော့်ကို ဖင့်နှေးမယ့်သဘောရှိလို့ဖြစ်ပါတယ်။ 

ဖြေ။ ။ ဟုတ်ပါတယ်။ ကျွန်တော်ခုနပြောတယ် သူတို့ဝန်ထမ်းတွေကို လေ့ကျင့်ပညာပေးတဲ့နေရာတွေ မှာလည်း ချို့ယွင်းချက်တွေရှိနေတယ်ဆိုတဲ့ သတင်းတွေကိုလည်း ကျွန်တော်တို့ ရပါတယ်။ ဥပမာဆိုရင် ကျွန်တော်တို့ တစ်ချို့ အစိုးရလုပ်ငန်းတွေ လုပ်ဆောင်တဲ့ နေရာမှာ ပြည်သူတွေ မနှစ်သက်တဲ့ လုပ်ငန်းမျိုးဖြစ်နေတယ်။ ကျွန်တော်တို့ အစိုးရအဖွဲ့ တာဝန်ရှိတဲ့ လူတွေရဲ့ အမည်နဲ့ ရာထူးကို သုံးပြီးလုပ်ကြတာကို ကျွန်တော်တို့ တွေ့နေရပါတယ်။ ဥပမာအားဖြင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကြီး ညွန်ကြားချက်အရ ကျုးကျော်များရှင်းလင်းပါသည် ဆိုတာမျိုးဟာ ဒါကခေတ် အဆက်ဆက် ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ ဒါကိုထုတ်လိုက် ပြန်လိုက်ခြင်းအားဖြင့် ကျွန်တော်တို့ အစိုးရနဲ့ တာဝန်ရှိတဲ့လူတွေကို ပြည်သူအကြည်အညိုပျက်စေဖို့ ရည်ရွယ်ချက်ရှိတယ်ဆိုတာ တော်တော့ကို ထင်ရှားပါတယ်။ ပြည်သူတွေမနှစ်သက်တဲ့ အလုပ်လုပ်တော့မယ်ဆို လွတ်တော် ကိုယ်စားလှယ်က ခိုင်းလို့ ဆိုတဲ့ဟာတွေက မြို့နယ်တိုင်းလိုလိုမှာပဲ ကြားနေရပါတယ်။ လွတ်တော်ကိုယ်စားလှယ်က အုပ်ချူပ်ရေးပိုင်းကို ခိုင်းခွင့်မရှိပါဘူး။ ဥပဒေအရ၊ လုပ်ထုံးလုပ်နည်းအရ ဌာနဆိုင်ရာရဲ့ လုပ်ထုံး လုပ်နည်းက မှန်ကန်တယ်ဆိုရင် ရဲရဲရင့်ရင့် လုပ်ဖို့ပါပဲ။ လွတ်တော်ကိုယ်စားလှယ်က တားဆီးရင်၊ ပိတ်ပင်ရင်၊ ကန့်ကွက်ရင် ဒီလွတ်တော် ကိုယ်စားလှယ်ကို ထိထိရောက်ရောက် အရေးယူနေတာပါ။ အဲ့ဒီတော့ ဒါဟာ အကြောင်းပြချက်ပဲဖြစ်ပြီးတော့ ကျွန်တော်တို့ အစိုးရနဲ့ လွတ်တော်ကိုယ်စားလှယ်တွေ အပေါ်မှာ ရည်ရွယ်ချက်ရှိရှိ လုပ်နေတယ်လို့ ကျွန်တော်တို့က မြင်ရပါတယ်။ မကြာသေးခင်ကတော့ ကျွန်တော်တို့ ထွက်နေတဲ့သတင်းတွေအရဆို ရင်၊ ဝန်ထမ်းတွေ ရွေးချယ်လေ့ကျင့်ပေးတဲ့နေရာမှာတောင်မှ ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အမည်ဖော်ပြီးတော့ အရည်အချင်းမရှိကြောင်း၊ ဒီလိုပြောဆိုတာတွေရှိတယ် ဆိုတဲ့ သတင်းတွေလည်း ကျွန်တော်တို့ ကြားရပါတယ်။ အဲ့ဒီလို ပုံစံမျိုး ရှိရင်တော့ ကျွန်တော်တို့ ရှေ့ဆက်လုပ်တဲ့အခါမှာ ခုနပြောတဲ့ စည်းရုံးရေးနည်း၊ ဒါမှမဟုတ် အရေးယူတဲ့နည်း။ နှစ်ခုလုံးကို ထိထိရောက်ရောက် လုပ်နိုင်မှ ကျွန်တော်တို့ အရှေ့မှာ ပိုပြီးတော့ အကျိုးရှိလာလိမ့်မယ်လို့ ထင်ပါတယ်။ 

မေး။ ။ ၂၀၁၅ ရွေးကောက်ပွဲမှာဆိုရင် ပြည်သူတွေက အင်မတန်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယုံယုံကြည်ကြည်မျှော်လင့်ချက်ကြီးကြီးမားမားကို ထားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီတော့ ခုချိန်မှာ ပြည်သူတွေအနေနဲ့ ကျွန်တော်တို့လည်း ကြားနေရတယ် ရပ်ကွက်ထဲမှာလည်း သိနေရတယ်ဆိုတော့ ပြည်သူ အနေနဲ့ အဲ့ဒီမျှော်လင့်ချက်တွေက ပြောမယ်ဆိုရင် hopeless နီးပါးကိုဖြစ်နေတာဆိုတော့  အဲ့ဒီလိုမျိုးခံစားနေရတဲ့ ပြည်သူပြည်သားတွေကို ဆရာ ဘာများပြောလို့ ရနိုင်မလဲ။ 

ဖြေ။ ။ကျွန်တော်မြင်တာကတော့ အခုကျွန်တော်တို့က သက်တမ်းတစ်ဝက်ကျော်လာပြီ၊ သို့သော် တကယ်လုပ်မယ်ဆိုရင် ပြည်သူတွေရဲ့ နေ့စဉ် လူမှုဘဝတိုးတက်ဖို့အတွက် သမ္မတကြီးညွန်ကြားထား သလိုပဲ၊ အဆင့်တစ်ခုကိုတော့ တစ်စုံတစ်ရာ ဖြေလျှော့မှုကိုတော့ ဒီနှစ်အတွင်းမှာ ကျွန်တော်တို့ လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒါဆိုရင် ပြည်သူတွေရဲ့ ယုံကြည်မှုကိုလည်း ကျွန်တော်တို့ ပြန်ပြီးတော့ ရရှိလာနိုင်ပါတယ်။ 

မေး။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေပြီးတော့မှ ရွေးကောက်ပွဲဝင်စဉ် ကာလကပေါ့နော်၊ ပြောင်းလဲချိန်တန်ပြီ ဆိုပြီးတော့ ပြောခဲ့တာရှိပါတယ်။ တစ်ဆက်တည်းမှာပဲ ဆရာကိုမေးချင်တာက အပြောင်းအလဲကို သိသိသာသာထင်ထင်ရှားရှား မမြင်ရဘူးဆိုတဲ့ ဝေဖန်သံတွေကို နိုင်ငံရေးသုတေသီ တွေ ပဲဖြစ်ဖြစ် နိုင်ငံရေးလေ့လာသူတွေပဲဖြစ်ဖြစ် သာမှန်ပြည်သူတွေကလည်း ဒီလိုပဲမြင်တယ်လို့ ပြောလို့ရပါတယ်၊ အဲ့ဒီအပေါ်မှာရော ဆရာဘာများ ဖြည့်ပြောလို့ရနိုင်မလဲ ခင်ဗျာ။ 

ဖြေ။ ။ ပြောင်းလဲချိန်တန်ပြီဆိုတာ ကျွန်တော်တို့ ပြောင်းလဲမှုများပြားဖို့ ကျွန်တော်တို့ လုပ်နိုင်တဲ့ အပိုင်းပေါ့လေ ကျွန်တော်တို့ လုပ်ပါတယ်။ ကျွန်တော်တို့ မလုပ်နိုင်တဲ့ အပိုင်းလည်းရှိတယ် ဆိုတာကိုတော့ ပြည်သူတွေလည်းနားလည်ပြီးသားဖြစ်မှာပါ။ အထူးဖြင့် လုံခြုံရေးနဲ့ပတ်သက်တဲ့ ကိစ္စမျိုးတွေဆိုရင် ကျွန်တော်တို့က ၇၅ရာခိုင်နှုန်းပဲ လုပ်ခွင့်ရှိပြီးတော့ ၁ဝဝရာခိုင်နှုန်းတာဝန်ယူရတဲ့ အခါမှာ ကျွန်တော်တို့မှာ ဟာကွက်တွေရှိပါတယ်။ အဲ့ဒီတော့ အပြောင်းအလဲနဲ့ ပတ်သက်ရင် ကျွန်တော်တို့က ဘာကိုတွက်လိုက်လည်းဆိုတော့ ရေရှည်တည်တံ့သောဖွံ့ဖြိုးရေး၊ အဲ့ဒါကို ကျွန်တော်တို့ ရည်ရွယ်တယ်။ ကျန်းမာရေးနဲ့ ပညာရေးကို ကျွန်တော်တို့ အဓိကအားစိုက်တယ်။ ပြည်တွင်းငြိမ်းချမ်းရေးကို ကျွန်တော်တို့ အားထည့်လိုက်တယ်နော် ။ ငြိမ်းချမ်းရေးသည် ပထမ၊ ငြိမ်းချမ်းရေးသည် ဒုတိယ၊ ငြိမ်းချမ်းရေးသည် တတိယလို့တောင် ကျွန်တော်တို့ ကြွေးကြော်ခဲ့တယ်။ သို့သော် ဒီငြိမ်းချမ်းရေး ရဖို့အတွက် ဆန္ဒပြင်းပြမှုဟာ ကျွန်တော်တို့ ပါဝင်တဲ့ အဖွဲ့အစည်း အားလုံးမှာမတွေ့ရပါဘူး။ အဲ့ဒီအခါမှာ ဒီနေရာမှာ ကျွန်တော်တို့ ထင်သလောက် အကျိုးမရှိဘူး။ ဒီတစ်ခါ ကျွန်တော်တို့ ဘာကြည့်လဲဆိုတော့ ကျန်းမာရေးနဲ့ ပညာရေးမှာ သိသိသာသာ ကျွန်တော်တို့ နိုင်ငံရဲ့ ဝင်ငွေရဲ့ GDP ရဲ့ ရာနှုန်းတော်တော်များများကို တိုးပြီးသုံးစွဲပါတယ်။ ဥပမာ ရန်ကုန် ဆေးရုံကြီးဆိုရင်လည်း ပြည်သူများ အရင်နဲ့မတူဘဲ ပိုပြီး ဂရုစိုက်ခံရတယ်၊ ဆေးဝါးကအစ တော်တော်များများကို ရရှိတယ်။ နောက်တစ်ခါ ကျန်းမာရေးဆိုလည်း ဟိုးအောက်ခြေ မူလတန်းလေး ကစပြီး အဆင့်ဆင့်ကျွန်တော်တို့ ပြင်ဆင်လာတာတွေ့နိုင်ပါတယ်။ သို့သော် ဒါတွေရဲ့ အကျိုးအမြတ် ခံစားရဖို့ ဆိုတာ နှစ်တော်တော်စောင့်ရမှာပါ။ ဒါက လိုအပ်တယ်၊ မှန်တယ်။ သို့သော် လက်ဆုပ်လက်ကိုင် ပြဖို့က နှစ်အနည်းငယ်ကြာမှာပါ။ ဒါပေမယ့် ကျွန်တော်တို့က လက်ဆုပ်လက်ကိုင် ပြနိုင်တာမဟုတ်ပေမယ့် မိမိကိုယ်တိုင် သိရှိနိုင်တာတစ်ခုတော့ရှိပါတယ်။ ဒါဟာ ပြည်သူများကိုယ်တိုင် စဉ်းစားကြည့်ပါ၊ ဒါဘာလဲဆိုတော့ ကျွန်တော်တို့ ရင်ထဲမှာရှိတဲ့ အကြောက်တရားပါ။ အခုရှိနေတဲ့ ကျွန်တော်တို့ တာဝန်ပေးထားတဲ့ အုပ်ချုပ်ရေးပိုင်း ဥပဒေပြုပိုင်း။ ဒီပုဂ္ဂိုလ်တွေအားလုံးနဲ့ပဲယှဉ်ရင်၊ အဆက်ဆက်က တာဝန်ယူခဲ့တဲ့သူတွေ၊ ကျွန်တော်တို့ အကြောက်တရား ရင်ထဲမှာ လျှော့ပါးလာတာ၊ ဒါကိုကြည့်ပါ။ ကိုယ့်ကိုအုပ်ချုပ်နေတာ တစ်ချိန်လုံး ကြောက်နေရပြီးတော့ မိမိက မှန်တာတောင်မှ ဘာမှ မပြောရဲခဲ့တဲ့ခေတ် တစ်ခေတ်ရှိခဲ့ပါတယ်။ အဲ့ဒါထက်စာရင် ငါတို့ အကြောက်တရားလျှော့ပါပြီ။ ဒါကိုတော့ ကျွန်တော်တို့ ခိုင်ခိုင်မာမာ မိမိကိုယ်ကို မိမိ သေချာဆန်းစစ်ရင် သိနိုင်ပါတယ်။ 

မေး။ ။ ဒီအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တာဝန်ယူပြီး ၃နှစ်ပြည့်လာတဲ့အချိန်မှာ အောင်အောင်မြင်မြင်နဲ့ လုပ်နိုင်ခဲ့တဲ့ဟာတွေ ဘာတွေများ ရှိမလဲခင်ဗျား။ 

ဖြေ။ ။ ကျွန်တော်တို့ ပြောနိုင်တာက ပြည်သူရဲ့ ဘဏ္ဍာငွေနဲ့လုပ်ကိုင်တဲ့ ဖွံ့ဖြိုးရေးလုပ်ငန်း၊ အဲ့ဒါတွေရဲ့ အရည်အသွေးထိန်းသိမ်းမှုအအပိုင်း၊ ပြည်သူ့ငွေကို အလေအလွင့်မရှိအောင် လုပ်ကိုင်တဲ့အပိုင်း မှာတော့ ထူးထူးခြားခြားကို တိုးတက်တယ်ဆိုတာ ကျွန်တော်ပြောချင်ပါတယ်။ နောက်ပွင့်လင်းမြင်သာမှုရှိလာတာ ဒါပြည်သူ့ဘဏ္ဍာငွေနဲ့ လုပ်တဲ့လုပ်ငန်းတိုင်းကို ကျွန်တော်တို့ တော်တော့်ကို ဂရုစိုက်ပါတယ်။ ကုန်ကုန်ပြောရရင် ကျွန်တော်တို့ တာဝန်ကြီးတဲ့ ပုဂ္ဂိုလ်တစ်ချို့ ပြည်သူကို မောက်မောက်မာမာ ပြောလိုက်တယ် ၊ရိုင်းရိုင်းစိုင်းစိုင်း ပြောလိုက်တယ် ဆိုတာနဲ့ ကျွန်တော်တို့ အရေးယူမှုကို ထိထိရောက်ရောက်ကိုလုပ်တာပါ။ အရင်တစ်ခေတ်ကလို နယ်လှည့်ပါးရိုက်တယ်ဆိုတာမျိုးတော့ ဘယ်သူမှ မပြောရဲတော့ပါဘူး။ နဲနဲလေးမောက်မာတယ်ထင်တာမျိုးကို ထိထိရောက်ရောက်ကို အမြဲတမ်း အရေးယူနေပါတယ်။ 

မေး။ ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲ နိုင်ပြီးတော့မှ အစိုးရဖွဲ့နိုင်ခဲ့တဲ့အခါမှာ မမျှော်လင့်တဲ့ပြဿနာတွေပေါ့နော်၊ ရခိုင်ကိစ္စဆိုရင် အခက်အခဲတော်တော်ရှိပါတယ် ၊ဒါက ဖွံ့ဖြိုးရေး အတွက်လည်း အင်မတန်မှ နှောင့်နှေးတဲ့ အနေအထားဖြစ်ပါတယ်။ အဲ့ဒီတော့ ရခိုင်ပြည်နယ်နဲ့ ပတ်သက်ပြီးတော့ ပဋိပက္ခတွေပြေလည်ဖို့ ၊ အခုဆိုရင် ဒုက္ခသည်တွေပြန်လာဖို့ လုပ်နေရတယ်၊ အဲ့ဒီတော့ အကောင်းဆုံးပြေလည်မယ့် နည်းလမ်းကို ဘာများပြောပြလို့ရနိုင်မလဲ ခင်ဗျာ ။ 

ဖြေ။ ။ ရခိုင်ကထူးခြားတဲ့ သဘာဝတစ်ခုရှိပါတယ်။ ဒါဘာလဲဆိုတော့ ပြည်တွင်းမှာလည်း လူမျိုးရေးနဲ့ ပတ်သက်ပြီးတော့ အစွန်းရောက်တဲ့ ဝါဒတွေ ပျံ့နှံ့နေတယ်။ အနောက်ပိုင်း မီဒီယာရဲ့ လွှမ်းမိုးမှု ကြောင့်၊ ဒုက္ခသည်တွေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ကနေပြီးတော့ တော်တော်ကို မတော် မတရားလုပ်ထားတယ်ဆိုတဲ့ သတင်းဖြန့်မှုတွေက တော်တော့ကို ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေတယ်။ အတွင်း အပြင် ညပ်နေပါတယ်။ အဲ့ဒီအခါမှာ ကျွန်တော်တို့က ဒီပြည်ပရဲ့ တောင်းဆိုမှုတွေနဲ့ ပတ်သက်ပြီးတော့မှ၊ ဥပမာ ကုလသမဂ္ဂနှင့် ပတ်သက်မယ်နော်။ ဒီဟာမျိုး ကျွန်တော်တို့က အနည်း ငယ် လိုက်လျှောညီထွေလုပ်ရင်လည်း ပြည်တွင်းက လူမျိုးရေး အစွန်းရောက်တွေက အပြင်းအထန်ကို ဆန့်ကျင်လာကြတယ်။ ပြည်တွင်းက ကျွန်တော်တို့ လူမျိုးရေးအရ သိပ်အစွဲသန်တဲ့လူတွေကို ကျွန်တော်တို့ ကျေနပ်အောင်လုပ်ရင်လည်း ဒီပြဿနာဘယ်တော့မှ ပြေလည်မှာမဟုတ်ဘူး။ ကျွန်တော်တို့ကတော့ ဒီပြဿနာကို အခုလက်ရှိလုပ်နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရရဲ့ စနစ်တကျစိစစ်ပြီး ပြန်လည် လက်ခံတဲ့လုပ်ငန်းကို အမြန်ဆုံး သွက်လက်လျင်မြန်အောင် စနစ်ကျ အောင် အနောက်နိုင်ငံတွေကရော ပြည်တွင်းမှာရှိတဲ့ တိုင်းရင်းသားတွေကရော အားလုံးဝိုင်းဝန်း ကူညီရင် ဒါဟာအကောင်းဆုံး ဖြစ်လိမ့်မယ်လို့ ကျွန်တော်တို့ထင်ပါတယ်။ 

မေး။ ။ အဲ့ဒီတော့ ရခိုင်အခက်အခဲရှိနေတယ်ဆိုတဲ့ အခါမှာ၊ ဒါကလဲ ဖွံ့ဖြိုးမှုနိမ့်ကျတဲ့ အချက်တစ်ချက်လည်းပါမှာပေါ့။ ဆိုတော့ ဒီဖွံ့ဖြိုးမှုနိမ့်ကျနေတဲ့ အသိုင်းအဝိုင်းကို ပါတီရဲ့ မူဝါဒအနေနဲ့ ဘယ်လိုဖွံ့ဖြိုးအောင် ပြန်လုပ်ပေးလို့ ရနိုင်သလဲ။ 

ဖြေ။ ။ ဖွံ့ဖြိုးရေးနိမ့်ကျတဲ့ ဒီရခိုင်ပြည်နယ်၊ ချင်းပြည်နယ်တွေဟာ ကျွန်တော်တို့ အစိုးရရဲ့ ဘတ်ဂျက် မှာ မျက်နာသာပေးခံရတဲ့ ပြည်နယ်တွေဖြစ်ပါတယ်။ အခုဆိုလည်း ကျွန်တော်တို့ နိုင်ငံရဲ့ ဘဏ္ဍာရေး အခြေအနေနဲ့ တွက်ပြီး ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်တွေထက်ကို ဒီရခိုင်ပြည်နယ်မှာ ကျွန်တော်တို့ အများကြီးကို ကျွန်တော်တို့ စီမံကိန်းတွေ၊ နောက် ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ကျွန်တော်တို့ ဇောက်ချပြီး လုပ်နေပါတယ်။ နိုင်ငံတကာက အကူအညီပေး အဖွဲ့တွေကိုလဲ ဒီဒုက္ခသည်တွေနဲ့ မဟုတ်ဘဲနဲ ဒေသခံတိုင်းရင်းသားတွေကိုပါ သူတို့ရဲ့ လူမှုစီးပွားဘဝ တိုးတက်အောင် ဆောင်ရွက်ဖို့ဆိုတာလည်း ကျွန်တော်တို့ အမြဲတမ်းစည်းရုံးနေပါတယ်။ ဒီလိုနည်းနဲ့ ကျွန်တော်တို့က ဒီဒေသအတွင်း ဖွံ့ဖြိုးမှုကို လုပ်ဆောင်ရမှာ။ သို့သော် တစ်ခုရှိတာက အခုလက်ရှိဖြစ်နေတဲ့ အခက်အခဲကို မကျော်လွှားဘဲနဲ့တော့ ဒီဖွံ့ဖြိုးရေးလုပ်ငန်းတွေ လျင်လျင်မြန်မြန်ဖြစ်လာဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ အဲ့ဒီတော့ ဒီအခက်အခဲကို ကျွန်တော်ခုနပြောခဲ့သလို အားလုံးသဘောထားကြီးကြီးနဲ့ လက်တွေ့ဖြစ်နိုင်တဲ့ လုပ်ငန်းကို ပူးပေါင်းဆောင်ရွက်ဖို့ ဆိုပြီးတော့ လုပ်ကိုင်ရင်ဖြင့် ကျွန်တော်တို့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာလည်း ပိုပြီးလျင်မြန်သွက်လက် လာမှာပါ။ 

မေး။ ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရွေးကောက်ပွဲဝင်တဲ့အခါမှာ အဓိကလုပ်ဖို့ ပြောတာက ဖွဲ့စည်းပုံ ပြင်ဆင်ရေးရယ်၊ ငြိမ်းချမ်းရေးရယ်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးရယ် ပြောခဲ့တယ်။ ဒီနေရာမှာ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ကျွန်တော်နဲနဲလေး မေးချင်ပါတယ် ။ သုံးနှစ်ရှိလာပြီပေါ့နော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေပြီးတော့ အာဏာရလာပြီးနောက်ပိုင်းမှာ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်ကလည်း ၂၁ ရာစုပင်လုံညီလာခံ ဆိုပြီးတော့မှ လုပ်တာတွေရှိပါတယ်၊ ဆွေးနွေးပွဲတွေ အများကြီးလုပ်တယ် ၊ ညီလာခံတွေအများကြီး လုပ်တယ် ဒါပေမယ့် ပြောရမယ်ဆိုရင်တော့ ငြိမ်းချမ်းရေးက တုံ့ဆိုင်းနေတယ်ပေါ့။ ဆိုတော့ ရှေ့ဆက်တိုးဖို့ရန်အတွက် ဘာများအခက်အခဲရှိနေတာလဲ ခင်ဗျာ ။ 

ဖြေ။ ။ အရေးအကြီးဆုံးကတော့ ကျွန်တော်တို့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်ပြောခဲ့သလိုပဲ။ ငြိမ်းချမ်းရေး တကယ်ရချင်တဲ့ ဆန္ဒ၊ ကိုယ့်ရဲ့ ဘာများရနိုင်မလဲဆိုတဲ့ ဆွေးနွေးပွဲကနေ အဲ့ဒီလို လိုချင်နေတာကို လျှော့ပြီးတော့ ၊ကျွန်တော်တို့ တစ်ပြည်လုံးအတွက် အကောင်းဆုံးဖြစ်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို မဖြစ်မနေလိုချင်တဲ့ ဆန္ဒပါ။ အဲ့ဒါလိုနေပါတယ်။ အဲ့ဒီဆန္ဒကို ဖော်ဆောင်ရာမှာလည်း အကြီးမားဆုံး အခက်အခဲကတော့ နှစ်ပရိစ္ဆေဒ ကြာမြင့်ခဲ့တဲ့ အချင်းချင်း တိုင်းရင်းသားလူမျိုးအချင်းချင်း ယုံကြည်မှု နည်းပါးလာတာပါ။ တစ်ဦးနဲ့ တစ်ဦး ယုံကြည်မှုနဲပါးလာတာ ဒီဟာမှာ အဓိက အခက်အခဲဖြစ်နေပါတယ်။ 

Mizzima - News in Burmese

0 comments:

Post a Comment