ထိုင်းနိုင်ငံ၊ မယ်ဆိုင်ကျောက်ဂူထဲ ပိတ်မိစဉ် ပထမဆုံးတွေ့ရှိခဲ့သူ ဗြိတိန်ရေ ငုပ်သမား ၂ ဦးနဲ့ အခြား ကယ်ဆယ်ရေးရေငုပ်သမား ၃ ဦးတို့ကို ဂူတွင်းပိတ်ခဲ့တဲ့ ထိုင်းလူငယ်တွေက ဗြိတိန်နိုင်ငံ နိုင်ငံ့သားကောင်းဆု ပေးအပ်ပွဲ အခမ်းအနားမှာ တက်ရောက်ဆုချီးမြှင့်ခွင့်ရရှိခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်ဘော်လုံးသင်းရဲ့ ဖိတ်ကြားချက်အရ အင်္ဂလန်နိုင်ငံကို သွားရောက်ခဲ့တဲ့ တောဝက်လူငယ်ဘောလုံးအသင်းသား ၁၃ ဦးဟာ ဘောလုံးပွဲ ကြည့်ရှုအားပေးခွင့်နဲ့ ဘောလုံးကွင်းထဲမှာ အစမ်းလေ့ကျင့်ခွင့်ရခဲ့သလို သူတို့ကို ကယ်တင်ခဲ့တဲ့ ရေငုပ်သမား ၅ ဦးအား Pride of Britain Awards 2018 အခမ်းအနားမှာ ဆုချီးမြှင့်ခွင့်ရခဲ့တာပါ။
ဗြိတိန်နိုင်ငံက လူမှုထူးချွန်သူတွေ၊ နိုင်ငံတော်အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သူတွေကို ဂုဏ်ပြုဆုပေးပွဲအခမ်းအနားကို အောက်တိုဘာ ၃၀ ရက်က လန်ဒန်မြို့ Grosvenor House မှာ ကျင်းပခဲ့ပါတယ်။
အသက်ငယ်ရွယ်တဲ့ လူငယ်လေးတွေ မှောင်မှောင်မည်းမည်းဂူကြီးထဲမှာ ဆယ်ရက်ကျော် အစာမစားရဘဲ အသက်ရှင်အောင် ကြံ့ခိုင်စွာနေတတ်သူအဖြစ် အားလုံးက ချီးကျူးခဲ့ကြပြီး သူတို့ ၁၃ ဦးစင်ပေါ်တက်လာချိန်မှာ အခမ်းအနားတက်ရောက်လာသူအားလုံးက အားလုံးမတ်တပ်ရပ်လက်ခုပ်တီးပြီး ကြိုဆိုခဲ့ပါတယ်။
ဒါ့အပြင် ဗြိတိန်ရဲ့နာမည်ကြီး ITV ချန်နယ်လ် This Morning UK ရုပ်သံအစီအစဉ်ကလည်း တောဝက်လူငယ် ၁၃ ဦးနဲ့ တွေ့ဆုံမေးမြန်းခန်း ထုတ်လွှင့်ပြီး သူတို့ကို ဂူထဲမှာ အရင်ဆုံးတွေ့ခဲ့တဲ့ ရေငုပ်သမား ၂ ဦးနဲ့ အရင်ပြန်နှင့်တဲ့ ရေငုပ်သမား ၁ ဦး ပေါင်း ၃ ဦးတို့ကိုပါ အစီအစဉ်ထဲ ဖိ တ်ခေါ်ခဲ့ပါတယ်။
အစီအစဉ်တင်ဆက်သူက လူငယ်တွေကို ဂူထဲဝင်သွားရတဲ့အကြောင်းရင်း၊ ဂူထဲပိတ်မိချိန်ခံစားချက်၊ ဂူထဲမှာ ရှင်သန်အောင်နေထိုင်ပုံ၊ ရေငုပ်သမားကို စတွေ့တွေ့ ချင်း ဖြစ်ပေါ်တဲ့ ခံစားချက် စတာတွေ မေးမြန်းခဲ့ပါတယ်။
လူငယ်တွေကလည်း ဂူထဲမှာပိတ်မိပြီး နောက် အချင်းချင်းနှစ်သိမ့်အားပေးခဲ့တဲ့အကြောင်း ၊ ရေငုပ်သမားကို စတွေ့တော့ အရမ်းဝမ်းသာကြောင်း၊ သူတို့ဟာ လာကယ်မယ့်သူတွေကို နေ့တိုင်းမျှော်နေလို့ ရေငုပ်သမားတွေကို တွေ့တော့ မျှော်လင့်ချက်တွေရှိလာကြောင်း၊ ဒါဟာ ဘုရား သခင်ရဲ့ ကျေးဇူးတော်ကြောင့်လို့ ၀ လူငယ်လေး နောင့်အဒွန်းလ်က ဖြေပါတယ်။
ကိုယ်ခန္ဓာကိုယ်အပိန်ဆုံး၊ အသေးဆုံးဖြစ်တဲ့ နောင့်မာ့ခ်ကတော့ သူ့ခေါင်းနဲ့တန်တဲ့ မျက်နှာဖုံးစွပ်မရှိလို့ အဲဒီတုန်းက သူကတော့ ထွက်လို့မရတော့ဘူးလို့ ထင်ခဲ့တယ်လို့ ဆိုပါတယ်။
နောင့်မာ့ခ်ရဲ့ ခေါင်းဟာ သေးငယ်ပြီး မျက်နှာဖုံးက ချောင်နေတာကြောင့် ဗြိတိန်ရေငုပ်သမားက သူ့ကို ရင်ခွင်ထဲထည့်ကာ မျက်နှာဖုံးကို ထိန်းလာရကြောင်း၊ ကလေးရဲ့ ကိုယ်နဲ့ မျက်နှာဖုံးစွပ်ကို ထိန်းပြီး ရေငုပ်လာရလို့ သူ့ခေါင်းဟာ မကြာခဏ အပေါ်က ကျောက်ဂူတွေကို ဆောင့်မိခဲ့တယ်လို့ ပြောပါတယ်။
ရေငုပ်သမားတွေဟာ မယ်ဆိုင်ဂူက လူငယ်တွေကို ခေါ်ထုတ်ပြီးပြီးချင်း သူတို့နိုင်ငံကို ချက်ချင်းပြန်သွားခဲ့ကြလို့ လူငယ်တွေနဲ့ အပြင်မှာ အခုမှ ပထမဆုံး တွေ့ဆုံရတာ ဖြစ်ပါတယ်။
အသင်းနည်းပြခို့ခ်ျအေခ်က ရေငုပ်သမားတွေဟာ သူတို့ကို အရင်က သိလည်းမသိ၊ မြင်လည်း မမြင်ဖူးပါဘဲ၊ ဆွေမျိုးသားချင်းလည်း မဟုတ်ရပါဘဲနဲ့ သူတို့အားလုံး ဘေးကင်းစွာအပြင်ရောက်အောင် အသက်နဲ့လဲပြီး စွန့်စားကယ်တင်ခဲ့တဲ့အတွက် ရင်ထဲက နက်ရှိုင်းစွာ ကျေးဇူးတင်ရှိကြောင်း၊ အရင်က သူတို့ဟာ သူစိမ်းတွေဆိုပေမယ့် အခုအခါမှာတော့ မိသားစုဝင်တွေလိုဖြစ်သွားပါပြီလို့ ပြောခဲ့ပါတယ်။
အဲဒီနောက် လူငယ်တွေအားလုံးဟာ ရေငုပ်သမားတွေကို ဒူးထောက်ပြီး လက်စုံမိုးကာ ရှိခိုးကန်တော့ခဲ့ကြပါတယ်။
အဆိုပါအစီအစဉ်ဟာ စတူဒီယိုထဲကနေ ကြည့်ရှုနေသူရော ၊ အပြင်က တီဗွီကြည့်ပရိသတ်တွေကိုပါ မျက်ရည်လည်တဲ့အထိ ကြည်နူးမှုကို ဖြစ်ပေါ်စေခဲ့ပါတယ် ။
ဗြိတိန်ရေငုပ်သမားတွေက လူငယ်တွေကို ရေငုပ်သမားက တောဝက်ကိုပွေ့ချီပြီး ရေကူးခတ်နေတဲ့ပုံပါ တီရှပ်အင်္ကျီ တထည်စီ လက်ဆောင်ပေးခဲ့ပါတယ်။
လူငယ်တွေရဲ့ အင်္ဂလန်ခရီးစဉ်မှာ ခုလိုပျော်ရွှင်ကြည်နူးစရာတွေ ရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ အော က်တိုဘာ ၂၇ ရက်က အင်္ဂလန် လက်စတာစီးတီး ဘောလုံးအသင်းပိုင်ရှင် ထိုင်းလူမျိုး ခွန်ဝိချိုင်း ဆီရိဝပ်ထနားပဖားက မမျှော်လင့်လဲ ရဟတ်ယာဉ် မတော်တဆမီးလောင်မှုထဲမှာ သေဆုံးခဲ့ရချိန်နဲ့ တိုက်ဆိုင်နေပြီး သူတို့လည်း အဆိုပါ ဈာပနအခမ်းအနားကို တက်ရောက်ကာ ဂါရ၀ပြုလွမ်း သူ့ပန်းခွေချခဲ့ ကြပါတယ်။
တောဝက်လူငယ်ဘောလုံးအသင်းဟာ အင်္ဂလန်ကို အောက်တိုဘာ ၂၇ ရက်နေ့က ထွက်ခွာသွားခဲ့ကြပြီး ဒီကနေ့ နိုဝင်ဘာ ၁ ရက်နေ့မှာ ထိုင်းနိုင်ငံကို ပြန်လာခဲ့ကြတာပါ။
DVB
















0 comments:
Post a Comment