Sunday, November 4, 2018

သတင်းသမားခါရှောဂီအရေးနဲ့ ဆော်ဒီ၊ တူရကီ၊ အမေရိကန် သုံးပွင့်ဆိုင်အငြိအထွေး



တူရကီနိုင်ငံက ဆော်ဒီကောင်စစ်ဝန်ရုံးထဲမှာ ဆော်ဒီသတင်းစာဆရာ ဂျမဲလ်ခါရှောဂီ သတ်ဖြတ်ခံခဲ့ရမှုအတွက် ဆော်ဒီအာရေဗျအစိုးရကို တူရကီသမ္မတ ရီးဆက်တေးရစ်အာဒိုဂမ်ကိုယ်တိုင် ပထမဆုံးအကြိမ် လူသိရှင်ကြား တိုက်ရိုက် စွပ်စွဲလိုက်ပါပြီ။

ခါရှောဂီကိုသတ်ဖို့ညွန်ကြားချက်ဟာ ဆော်ဒီအစိုးရအမြင့်ဆုံးအဆင့်ကနေလာတယ်လို့ သူသိထားကြောင်း အာဒိုဂမ်က ဝါရှင်တန်ပို့စ်မှာဆောင်းပါးတစ်စောင်ရေးရင်း ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ တူရကီဆော်ဒီနှစ်နိုင်ငံ ချစ်ကြည်ရေးကို အလေးပေးတဲ့အနေနဲ့ ခါရှောဂီအရေးမှာ ဘုရင်ဆဲလ်မန် ပါဝင်ပတ်သက်နေတယ်လို့တော့ မယုံကြည်ကြောင်း ဆိုခဲ့ပြန်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် (ဒီလိုပြစ်မှုမျိုးကို နေတိုးအဖွဲ့မဟာမိတ်နိုင်ငံတစ်ခုမှာ ဘယ်သူမှထပ်ပြီး မကျူးလွန်ရဲဖို့လိုတယ်)လို့ အာဒိုဂမ်က သတိပေးလိုက်ပြီး (ဒီသတိပေးမှုကို လျစ်လျူရှုရင်တော့ ကြီးမားတဲ့အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရလိမ့်မယ်) လို့လည်း အတိအလင်း ဆိုပြန်ပါတယ်။

ခါရှောဂီဟာ အစ္စတန်ဘူလ်က ဆော်စီကောင်စစ်ဝန်ရုံးထဲ ဝင်ဝင်ချင်း အသင့်စောင့်နေတဲ့ ဆော်ဒီအေးဂျင့်တွေရဲ့ လည်ပင်းညှစ်သတ်ခံလိုက်ရပြီး သူ့အလောင်းကို စွန့်မပစ်ခင် အပိုင်းပိုင်းဖြတ်တောက်ခံခဲ့ရတယ်လို့ တူရကီသမ္မတရဲ့ အကြံပေးက လွန်ခဲ့တဲ့ရက်ပိုင်းကပဲ ပြောခဲ့ပါသေးတယ်။အမှန်တော့ ခါရှောဂီ ဒီလိုအသတ်ခံခဲ့ရပုံကို စောစောပိုင်းကထဲက တူရကီသတင်းစာတွေက ရေးသားခဲ့ကြပြီး တူရကီ အာဏာပိုင်တွေဘက်က တော်တော်ကြာမှ လူသိရှင်ကြား အတည်ပြုခဲ့တာပါ။ ဒီလိုအတည်ပြုချိန်က ဆော်ဒီအစိုးရရှေ့နေချုပ် တူရကီကို သုံးရက်ကြာ လာရောက် လည်ပတ်ပြီးချိန်နဲ့လည်း တိုက်ဆိုင်ခဲ့ပါတယ်။
ခါရှောဂီအသတ်ခံရမှုကိစ္စဟာ နိုင်ငံတကာထိပ်တန်းသတင်းတွေထဲ ဆက်ပြီး ပါရှိနေဆဲပါ။ ဒီကိစ္စဟာ အရှေ့အလယ်ပိုင်း ဒေသတွင်းတည်ငြိမ်ရေးကို ထိပါးစေတယ်လို့ ဆော်ဒီရဲ့ မဟာမိတ် အမေရိကန်ပြည်ထောင်စု ကိုယ်တိုင် ထုတ်ဖော်ပြောဆိုလာခဲ့ပြီးပါပြီ။
ဆော်ဒီ ငြင်းဆန်
ဆွန်နီမွတ်စလင်အများစုနိုင်ငံတွေဖြစ်တဲ့ တူရကီနဲ့ ဆော်ဒီအာရေဗျတို့ရဲ့ ခါရှောဂီသတ်မှုတရားခံတွေ လွှဲပြောင်းပေးရေးကိစ္စ အငြင်းပွားမှုမြင့်တက်လာမှာကိုလည်း စိတ်ဝင်စားသူတွေ စောင့်ကြည့်နေကြပါတယ်။ တူရကီနိုင်ငံထဲက ဆော်ဒီကောင်စစ်ဝန်ရုံးမှာ အောက်တိုဘာ ၂ ရက်က ဖြစ်ခဲ့တဲ့ ဒီလူသတ်မှု သံသယတရားခံတွေကို သူ့နိုင်ငံဆီ လွှဲပေးဖို့ တူရကီက တောင်းဆိုထားပေယ့်ဆော်ဒီကငြင်းဆန်ပြီး သူ့နိုင်ငံသားတွေကို သူ့နိုင်ငံထဲမှာပဲ တရားစီရင်မယ်လို့ ပြောဆိုထားပါတယ်။
အမေရိကန်ကတော့ လူသတ်မှုသံသယရှိတဲ့ ဆော်ဒီနိုင်ငံသားတွေကို အမေရိကန်ပြည်ဝင်ခွင့် ပိတ်ပင်ထားသလို ထပ်ပြီး အရေးယူဆောင်ရွက်ဖို့ ရှိသေးတယ်လို့ ဆိုထားပြန်ပါတယ်။ သမ္မတဒေါ်နယ်ထရမ့်ဟာ ဒီလူသတ်မှုကို ဆော်ဒီအိမ်ရှေ့စံ ဘင်ဆဲလ်မန် ကြိုသိခဲ့ပုံမရဘူးလို့ ထပ်တလဲလဲပြောခဲ့ပါတယ်။ ဆော်ဒီဘုရင် ဆဲလ်မန်ရဲ့သားဖြစ်တဲ့ အိမ်ရှေ့စံ ဘင်ဆဲလ်မန်ဟာ လက်ရှိဆော်ဒီမှာ သြဇာအကြီးဆုံးမင်းသားဖြစ်ပြီး ဆော်ဒီပြုပြင်ပြောင်းလဲရေးကို ဦးဆောင်နေသူပါ။
အကျင့်ပျက်ခြစားမှုစွဲချက်နဲ့ တစ်ခြားမင်းသားအများအပြားနဲ့ လုပ်ငန်းရှင်တွေကို အကျယ်ချုပ်ချ စုံစမ်းစစ်ဆေးမှုမျိုး၊ ဆော်ဒီမှာ အမျိုးသမီးတွေကို ကားမောင်းခွင့်ပြန်ပေးခဲ့တာမျိုးတွေနဲ့ ထင်ရှားတဲ့ ဘင်ဆဲလ်မန်ကို လွန်လွန်ကဲကဲ အာဏာချုပ်ကိုင်မှုတွေ နိုင်ငံခြားရေးရာတွေနဲ့ပတ်သက်လို့ ပေါ်ပေါ်ထင်ထင်ဝေဖန်သူတွေထဲ ဂျမဲလ်ခါရှောဂီ ထိပ်ဆုံးက ပါဝင်ခဲ့ပါတယ်။
အစွန်းရောက်မှု လက်မခံ
ဆော်ဒီပြည်တွင်း စာနယ်ဇင်းတွေမှာ သတင်းထောက်ကနေ အယ်ဒီတာချုပ်အဖြစ် တာဝန်ထမ်းခဲ့တဲ့ ခါရှောဂီဟာ အစ္စလာမ္မစ်ဝါဒီတွေ ကြီးစိုးတဲ့အာရပ်လောကမှာ အလယ်အလတ်ကျသူတစ်ဦးအဖြစ် ထင်ရှားပါတယ်။ မွတ်စလင် ဘုရားသားဟုဒ်လို အဖွဲ့ကို ငယ်စဉ်ကဝင်ရောက်ခဲ့တယ်လို့ သတင်းရှိခဲ့ပေမယ့် နောင်တစ်ချိန်မှာ ဘာသာရေးအစွန်းရောက်မှုကို လတ်မခံတော့ဘူးဆိုတာ သူ့ရှင်းပြချက်နဲ့ လုပ်ရပ်တွေက သက်သေခံနေပါတယ်။ ဒါကြောင့် တစ်ချိန်မှာ တစ်လောကလုံးကို မွတ်စလင်နိုင်ငံတော် တည်ထောင်ချင်တဲ့အုပ်စုတွေနဲ့လည်း အစည်းမကပ်တော့ဘဲ ဘာသာရေးကိုဇောင်းပေးတဲ့ ဆော်ဒီအာဏာပိုင်တွေနဲ့လည်း မပြေလည်တော့ပါဘူး။
ဒါကြောင့် ၂၀၁၇ ခုနှစ် စက်တင်ဘာမှာ ဆော်ဒီကနေ ဗြိတိန်ကိုထွက်ခွာလာခဲ့ပါတယ်။ မကြာခင် သူ့ကိုယ်သူ ပြည်ပြေးအဖြစ် ကြေညာခဲ့သလို အမေရိကန်မှာ နေထိုင်ခဲ့ပါတယ်။ အင်ဒီယားနားပြည်နယ်တက္ကသိုလ်မှာ ၁၉၈၂ ခုနှစ်က ဘွဲ့ယူခဲ့တဲ့ ခါရှောဂီအဖို့ အချိန်မရွေး အမေရိကန်နိုင်ငံသား ခံယူခွင့် ရှိနိုင်ပါတယ်။ ဆော်ဒီမှာ သုံးကြိမ်လက်ထပ်ခဲ့ဖူးပြီး သုံးကြိမ်လုံး ကွာရှင်းခဲ့တဲ့ ခါရှောဂီမှာ သားသမီးလေးဦးရှိတဲ့အနက် သုံးဦးဟာ အမေရိကန်နိုင်ငံသား ဖြစ်နေကြပါပြီ။ ပြည်ပရောက်ပြီးမှ စတုတ္ထအကြိမ်လက်ထပ်ဖို့ ခါရှောဂီ တစ်ယောက် ကွာရှင်းပြတ်စဲထားကြောင်း သက်သေခံချက်ယူဖို့ တူရကီက ဆော်ဒီကောင်စစ်ဝန်ရုံးထဲ အောက်တိုဘာ ၂ ရက်မှာ ဝင်ရောက်ဆောင်ရွက်ရင်း ကြမ္မာငင်ခဲ့ရတာပါပဲ။

ဒီလို ပုဂ္ဂိုလ်ရေးဘဝထွေပြားတဲ့ ခါရှောဂီနဲ့ပတ်သက်ရင် နောက်ထပ် စိတ်ဝင်စားစရာအချက်တွေလည်း ရှိနေပါသေးတယ်။ ခါရှောဂီ ဆိုတဲ့နာမည်ကိုက နိုင်ငံတကာအရေး လေ့လာသူတွေ ရင်းနှီးနေနိုင်ပါတယ်။

လက်နက်ကုန်သည် ခါရှောဂီ
၁၉၈၀ ပြည့်လွန်နှစ်တွေက အီရန်ကွန်ထရာအရှုပ်တော်ပုံကို အမှတ်ရကြမယ်ထင်ပါတယ်။ ဒေါ်လာ ၄ ဘီလီယံလောက် တန်ဘိုးရှိခဲ့တဲ့ မှောင်ခိုလက်နက်အရှုပ်တော်ပုံမှာ ပါဝင်ပတ်သက်ခဲ့သူတစ်ဦးက ဆော်ဒီလက်နက်ကုန်သည် အက်ဒ်နန် ခါရှောဂီပါ။ အခု အစ္စတန်ဘူလ်မှာ အသတ်ခံခဲ့ရတဲ့ သတင်းသမား ဂျမဲလ်ခါရှောဂီဟာ အက်ဒ်နန် ခါရှောဂီရဲ့ မြေးတစ်ဦးပါပဲ။

အက်ဒ်နန် ခါရှောဂီရဲ့ နောက်ထပ်မြေးတစ်ဦးကတော့ ဒိုဒီဖာယက်ဒ်ပါ။ ဒီနာမည်ကော နည်းနည်းရင်းနှီးနေတယ် ထင်ပါသလား၊ ဒိုဒီဖာယက်ဒ်ဆိုတာ ၁၉၉၇ ခုနှစ် သြဂုတ်လက ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ မင်းသမီးဒိုင်ယာနာနဲ့အတူ ကားမှောက်ပြီး သေဆုံးခဲ့သူပါ။ ဒိုဒီဖာယက်ဒ်ရဲ့ ဖခင်က ဂျမဲလ်ခါရှောဂီ့ဖခင်နဲ့ ညီအစ်ကိုဖြစ်ပါတယ်။ ဆိုလိုတာက ဒိုင်ယာနာရဲ့ နောက်ဆုံးချစ်သူ ဒိုဒီဖာယက်ဒ်နဲ့ ဂျမဲလ်ခါရှောတို့ဟာ ညီအစ်ကိုဝမ်းကွဲတွေပါပဲ။

ဒါ့အပြင် ဆော်ဒီ့အထက်လွှာနဲ့ ခါရှောဂီဆက်စပ်မှုကလည်း မနည်းလှပါ။ ခါရှောဂီ့အဘွားဟာ ဆော်ဒီအာရေဗျဘုရင့် နိုင်ငံကို ထူထောင်ခဲ့တဲ့ ဘုရင်ကြီး အက်ဗ်ဒူလာဇစ် အဲလ်ဆာအက်ဒ်ဆီမှာ မိသားစုဆရာဝန်အဖြစ် အမှုထမ်းခဲ့သူပါ။ ဒါဖြင့်ရင် ခါရှောဂီ့အဘိုးကကော..။ အဘိုးနာမည်ကတော့ မူဟာမက် ခါရှောဂီ ဆိုတဲ့ ဆရာဝန်တစ်ယောက်ဖြစ်ပြီး ဆော်ဒီနိုင်ငံသား ဖြစ်လာပေမယ့် သူ့ရဲ့ဇာတိကတော့ တူရကီပါပဲ။ ဒါကြောင့် တူရကီတွေက ခါရှောဂီ့ကိစ္စ ပိုအလေးထားလေသလား တွေးစရာလည်း ဖြစ်ရပါတယ်။

ခါရှောဂီအဘိုးက တူရကီဇာတိဖြစ်သလို ဦးလေးဖြစ်တဲ့ အက်ဒ်နန်ခါရှောဂီကလည်း သူတို့မျိုးရိုးမှာ ဂျူးသွေးပါတယ်လို့ တစ်ချိန်က ထုတ်ဖော်ကြေညာခဲ့ဖူးပါတယ်။ ဒါကြောင့်လားမသိ၊ ခါရှောဂီ့အရေးဟာ တူရကီ၊ ဆော်ဒီနဲ့ ဂျူးကို ဦးစားပေးတဲ့ အမေရိကန်တို့အကြား ထွေးလုံးယှက်နွယ် ရှုပ်ထွေးနေပါတော့တယ်။

ခါရှောဂီဟာ ဆော်ဒီမှာ နိုင်ငံခြားသတင်းထောက်အဖြစ် အမှုထမ်းခဲ့ရင်း တစ်ချိန်တည်းမှာ ဆော်ဒီထောက်လှမ်းရေး အတွက်လည်း အမှုထမ်းပေးခဲ့တယ်လို့ ဆိုပြန်ပါတယ်၊ အဲဒါကတော့ စက်တင်ဘာ ၁၁ ရက် အကြမ်းဖက်မှုအပြီး အာဂဖန်နစ္စတန်ကို အမေရိကန်က ဝင်ရောက်တိုက်ခိုက်နေချိန်ကပါ။ ဆော်ဒီနိုင်ငံသားပဲဖြစ်တဲ့ အိုစမာဘင်လာဒင်နဲ့ သိကျွမ်းခဲ့ဖူးတဲ့ ခါရှောဂီဟာ အမေရိကန်အတွက်လည်း အကူအညီရခဲ့မှာပါ။

ခါရှောဂီ့နိုင်ငံရေးအမြင်
ဆော်ဒီကထွက်လာပြီးတော့ ဝါရှင်တန်ပို့စ်မှာ ဆောင်းပါးတွေဝင်ရေးခဲ့တဲ့ ခါရှောဂီဟာ ယီမင်နိုင်ငံကို ဆော်ဒီဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်စွက်ဖက်တိုက်ခိုက်နေတာကိုလည်း ဝေဖန်ပြစ်တင်ခဲ့ပါတယ်။

ဒီ့အရင်ကတည်းကလည်း ခါရှောဂီဟာ အမေရိကန်နဲ့ ဗြိတိန်ရုပ်သံ သတင်းချယ်နယ်တွေမှာ အာရပ်ရေးရာ ကျွမ်းကျင်သူတစ်ဦးအဖြစ် ရေပန်းစားပါတယ်။ သူ့ရုပ်သွင်ကို ရုပ်သံမှာမြင်ရတာ အဆန်းမဟုတ်တော့ပါဘူး။

ဆော်ဒီအာရေဗျဟာ ဝါဟာဘီ လို့ခေါ်တဲ့တင်းမာတဲ့ဘာသာရေးအစဉ်အလာနဲ့ စတင်ချုပ်ကိုင်တဲ့ ၁၉၇၉ ခုနှစ် မတိုင်မီခေတ်ကို ပြန်သွားသင့်တယ်၊ အမျိုးသမီးအမျိုးသား တန်းတူအခွင့်အရေးရှိသင့်တယ်၊ အပြစ်ပေးခံရမှာ ကြောက်စရာမလိုဘဲ စိတ်ထဲရှိတာ ပြောခွင့်ရသင့်တယ်လို့ ခါရှောဂီက ဝါရှင်တန်ပို့စ်မှာ ၂၀၁၈ ခုနှစ်၊ ဧပြီလက ရေးသားခဲ့ပါတယ်။ တူရကီမှာ ရနေတဲ့အခွင့်အလမ်းမျိုး ရသင့်တယ်လို့လည်း ထောက်ပြခဲ့ပါတယ်။

သူသေဆုံးပြီး အောက်တိုဘာ ၁၇ ရက်မှာ ဝါရှင်တန်ပို့စ်က ဖော်ပြတဲ့ သူ့နောက်ဆုံးဆောင်းပါးမှာတော့ အာရပ်ကမ္ဘာမှာ အလိုအပ်ဆုံးအရာက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လို့ ဆိုထားပါတယ်။ အာရပ်နွေဦးလို့ တင်စားကြတဲ့ လှုပ်ရှားမှုကာလမှာ အာရပ်ကမ္ဘာရဲ့သတင်းလွတ်လပ်ခွင့် တိုးတက်လာဖို့ မျှော်လင့်ခဲ့ကြတာကိုလည်း သူကပြောပြခဲ့ပါတယ်။

ကာတာနိုင်ငံကို ဆော်ဒီဦးဆောင်ပြီး ပိတ်ဆိုခဲ့တာ၊ လက်ဘနွန်နဲ့ဆော်ဒီ အငြင်းပွားတာ၊ ကနေဒါနဲ့ ဆော်ဒီ သံတမန်ရေးအငြင်းပွားတာ၊ သတင်းမီဒီယာတွေကို ဆော်ဒီအာဏာပိုင်တွေက ဖိနှိပ်တာ စတာတွေကိုလည်း ခါရှောဂီဟာ ဝါရှင်တန်ပို့စ်ကတစ်ဆင့် ဝေဖန်ရေးသားခဲ့ပါတယ်။ ဆော်ဒီအမျိုးသမီးအရေးလှုပ်ရှားသူတွေအပေါ်ဘင်ဆဲလ်မန်က ပြင်းပြင်းထန်ထန် ဖိနှိပ်တာတွေကိုလည်း ပြစ်တင်ခဲ့ပါတယ်။

၂၀၁၇ ခုနှစ်၊ နိုဝင်ဘာမှာ လက်ဘနွန်ဝန်ကြီးချုပ် ဆာအက်ဟာရီရီ ဆော်ဒီကိုရောက်နေတုန်း ရုပ်သံတိုက်ရိုက်လွှင့်ရင်း ရာထူးကနှုတ်ထွက်ကြောင်း ကြေညာခဲ့တာကိုလည်း ဒေါ်နယ်ထရမ့်သက်ရောက်မှုလို့ ခါရှောဂီက ကင်ပွန်းတပ်ခဲ့ပါတယ်။ သမ္မတထရမ့်နဲ့ ဆော်ဒီအိမ်ရှေ့စံ ဘင်ဆဲလ်မန်ရဲ့ ရင်းနှီးမှုကို သွယ်ဝိုက်ဖော်ပြလိုက်တာပါပဲလို့ ဝေဖန်ခဲ့ပါတယ်။

သူ့နာမည်အတိုကောက်လက်မှတ်အရ အမ်ဘီအက်စ်လို့ခေါ်ကြတဲ့ အိမ်ရှေ့စံ ဘင်ဆဲလ်မန်အနေနဲ့ ဆော်ဒီကို ရှေးရိုးစွဲဘာသာရေးအစွန်းရောက်အင်အားစုတွေလက်က လွတ်မြောက်စေသင့်တယ်လို့လည်း ခါရှောဂီက တိုက်တွန်းခဲ့ပါတယ်။
အီဂျစ်က အယ်လ်စီစီအစိုးရကိုလည်း ခါရှောဂီက ဝေဖန်ခဲ့ပါတယ်။ အီဂျစ်မှာထောင်ထဲထည့်ထားတဲ့ အတိုက်အခံ ၆၀ဝ၀ဝ လောက်ရှိတယ်လို့ ဆိုပါတယ်။ အာရပ်နွေဦးကာလမှာ အာရပ်ကမ္ဘာရဲ့ ဒီမိုကရေစီနဲ့ အပြောင်းအလဲကို အားပေးမယ်လို့ အရင် အမေရိကန်သမ္မတ အိုဘားမားက ကြေညာခဲ့ပေမယ့် အီဂျစ်မှာ ရွေးကောက်ခံသမ္မတ မော်စီ ဖြုတ်ချခံရတဲ့ အာဏာသိမ်းမှုကို အားကောင်းတဲ့အရေးယူမှုမရှိခဲ့ဘူးလို့ ခါရှောဂီက ဝေဖန်ခဲ့ပါတယ်။
ကြမ္မာငင်ခြင်း
ခါရှောဂီဟာ ၂၀၁၈ ခုနှစ်မေလမှာ တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ကို ကွန်ဖရင့်တစ်ခုတက်ဖို့သွားရင်း ဟာတီစီ ဆန်ဂိဇ်နဲ့ ဆုံတွေ့ခဲ့ပါတယ်။ ဆန်ဂိဇ်ဟာ အသက် ၃၆ နှစ်ရှိပြီး အစ္စတန်ဘူလ်တက္ကသိုလ် ပီအိပ်ခ်ျဒီကျောင်းသူတစ်ဦးပါ။ သူတို့နှစ်ဦးဟာ မေတ္တာမျှခဲ့ကြတဲ့နောက် ခါရှောဂီဟာ လေးကြိမ်မြောက်လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့ပုံပေါ်ပါတယ်။
ဆန်ဂိဇ်နဲ့ လက်ထပ်နိုင်ဖို့ ဆော်ဒီမှာ သူ ကွာရှင်းပြတ်စဲထားကြောင်း သက်သေခံချက်ရယူဖို့ အစ္စတန်ဘူလ်က ဆော်ဒီကောင်စစ်ဝန်ရုံးကို သွားရောက်ဆက်သွယ်ခဲ့ပြီး ချိန်းဆိုထားပုံရတဲ့ရက် အောက်တိုဘာလ ၂ ရက်မှာ ဆန်ဂိဇ်နဲ့အတူ သွားရောက်ရာက အသင့်ရောက်ရှိစောင့်ဆိုင်းနေကြတဲ့ ဆော်ဒီအေးဂျင့်တွေလက်ချက်နဲ့ ခါရှောဂီသေဆုံးခဲ့ရတယ်လို့ တူရကီအာဏာပိုင်တွေက သက်သေခံအထောက်အထားတွေနဲ့ အခိုင်အမာဆိုထားပါတယ်။

စစခြင်းတုန်းက ဆော်ဒီအာဏာပိုင်တွေဟာ ခါရှောဂီဟာ ကောင်စစ်ရုံးထဲက အသက်ရှင်လျက်ပြန်ထွက်သွားတယ် လို့ပြောခဲ့ပါတယ်။ နောက်တော့ ရုံးထဲကရန်ပွဲမှာ သေဆုံးခဲ့တယ်လို့ ဆိုခဲ့ပြန်ပါတယ်။ နောက်ဆုံးမှ သတ်ဖြတ်ခံခဲ့ရတာဖြစ်တယ်လို့ ဝန်ခံခဲ့ရင်း တာဝန်ရှိတဲ့ ဆော်ဒီနိုင်ငံသား ၁၈ ဦးကို ဆော်ဒီမှာပဲထိန်းသိမ်းထားပြီး စစ်မေးနေကြောင်း ထုတ်ပြန်ခဲ့တာပါ။ ဒါကြောင့် ဆော်ဒီတို့အပေါ်မှာ နိုင်ငံတကာရဲ့ဝေဖန်မှု ပြင်းထန်ခဲ့ပါတယ်။

တုံ့ပြန်နိုင်ခြေ
ခါရှောဂီအသတ်ခံရတာ တစ်လကျော်လာချိန်မှာ ဆော်ဒီအစိုးရကို ဘယ်လိုအရေးယူကြမလဲဆိုတဲ့ မေးခွန်းတွေလည်း ပိုမိုပေါ်ထွက်လာပါတယ်။ သံရုံးထဲမှာဖြစ်ပေမယ့် အိမ်ရှင်နိုင်ငံဖြစ်တဲ့ တူရကီအဖို့ ဒါမျိုးလုပ်တာ လက်မခံနိုင်ဘူးလို့ ခပ်တင်းတင်းပြသနေပါတယ်။ ဒီ့ထက်ပိုပြီး နှစ်နိုင်ငံဆက်ဆံရေးပြတ်တောက်ရတဲ့အထိ လုပ်မယ့် အခြေအနေတော့ မရှိပါဘူး။

အမေရိကန်က ပိုဆိုးပါသေးတယ်။ ဒေါ်လာဘီလီယံချီ လက်နက်ဝယ်မယ့်ဖောက်သည် အပျက်မခံနိုင်ဘူးဆိုတဲ့ သဘော သမ္မတထရမ့်က အတိအလင်းပြောထားပါတယ်။ ဒါကြောင့် အမေရိကန်အရေးယူမှုဆိုတာလည်း မည်ကာမတ္တပဲ ဖြစ်နိုင်ခြေ ရှိပါတယ်။ ကမ္ဘာ့ရေနံတင်ပို့မှုနဲ့ ရေနံဈေးနှုန်း၊ လက်နက်ဝယ်ယူမှု၊ လုံခြုံရေးနဲ့ အကြမ်းဖက်ဝါဒတိုက်ဖျက်ရေး၊ ဒေသတွင်းမဟာမိတ်ဖွဲ့နိုင်မှု၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှပ်နှံမှုဆိုတဲ့ အချက်တွေမှာ အရေးပါလှတဲ့ ဆော်ဒီအာရေဗျကို အမေရိကန်နဲ့အနောက်အုပ်စုက တစ်ကယ်တမ်းမပစ်ပယ်နိုင်ပါဘူး။ သတင်းသမားတစ်ဦးကို အရုပ်ဆိုးလွန်းစွာ သတ်ဖြတ်မှု ဖြစ်ကြောင်း ငြင်းမရအောင် ပေါ်လွင်နေတာမို့သာ နှုတ်ဖျားကအကြီးအကျယ် ကန့်ကွက်ပြစ်တင်နေကြပြီး အမှန်တစ်ကယ် ကိုယ်ထိလက်ရောက် အရေးယူပိတ်ဆို့နိုင်ပါ့မလားဆိုတာ သံသယဖြစ်စရာရှိလှသလို တူရကီ၊ ဆော်ဒီ၊ အမေရိကန် သုံးပွင့်ဆိုင် ညှိနှိုင်းပြေလည်မှု ရှာဖွေသွားနိုင်ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

ရည်ညွန်း-အေပီ၊ ဘီဘီစီ၊ ဝီကီပီဒီးယား
#Myanmar Time

0 comments:

Post a Comment