Sunday, November 4, 2018

ဗဟိုစာတိုက်ကြီးသို့ ချောပို့စနစ်ဖြင့် ဂျာမနီနိုင်ငံမှ တင်သွင်းလာသည့် ပါဆယ်ထုပ်အတွင်းမှ ကျပ်သိန်း ၉၅၀ တန်ဖိုးရှိ Ecstacy (စိတ်ပြောင်းခေါင်းခါဆေးပြား) များ ဖမ်းဆီးရမိ


ကျောက်တံတားမြို့နယ် ဗဟိုစာတိုက်ကြီး ပြည်ပချောစာဌာနသို့ ဂျာမနီနိုင်ငံမှ တစ်ဆင့် Mr. Bas Dijers အမှတ်(၆၀၈) ကုန်သည်လမ်း ပန်းဘဲတန်းမြို့နယ် လိပ်စာ ဖြင့် ရောက်ရှိလာသော ပါဆယ်ထုပ်အတွင်း Moncler စာတန်းပါ Ecstacy စိတ်ပြောင်း ခေါင်းခါဆေးပြား ၉၅၀ (တစ်ပြားလျှင် ကျပ် ၁၀၀၀၀၀ နှုန်းဖြင့် တန်ဖိုးငွေ ကျပ်သိန်း ၉၅၀) ကို သယ်ဆောင်ရောင်းဝယ်သူများအား ဖော်ထုတ် ဖမ်းဆီးရမိကြောင်း သိရသည်။ 
၂၀၁၈ ခုနှစ် နိုဝင်ဘာ ၂ ရက် ၁၀ နာရီတွင် ပူးပေါင်းအဖွဲ့သည် အဆိုပါ ချောပို့စနစ် ဖြင့် ရောက်ရှိလာသော ပါဆယ်ထုပ်နှင့် စပ်လျဉ်း၍ မသင်္ကာသဖြင့် သတင်းဆက်ဖော်ထုတ်နိုင်ရေး စောင့်ဆိုင်းနေစဉ် နံနက် ၁၀ နာရီ၊ မိနစ် ၃၀ တွင် ကျော်ထွဋ် (၂၄ နှစ်)၊ ပွကြီး (ခ) ဇော်ကိုနိုင် (၃၀ နှစ်)တို့ နှစ်ဦးမှာ ယာဉ်အမှတ် YGN/1N - - - - Mark II အဖြူ ရောင်ယာဉ်နှင့်ရောက်ရှိလာကာ ပါဆယ်ထုပ်အား ရွေးယူစဉ် သက်သေများနှင့်အတူ စစ်ဆေးရာ Ecstacy (စိတ်ပြောင်းခေါင်းခါ ဆေးပြား ၉၅၀) တွေ့ရှိ သိမ်းဆည်းရမိပြီး ပါဆယ်ထုပ်အား ထုတ်ယူရန် စေခိုင်းသူမှာ ရန်ကင်းမြို့နယ် ၁၅ ရပ်ကွက် ဘောက်ထော် ဘူတာလမ်းနေ ရဲမင်းဆိုသူဖြစ်ကြောင်း သိရသဖြင့် ရဲမင်း (၃၅ နှစ်)အား ယာဉ်အမှတ် YGN/1Q - - - - နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ရဲမင်းမှာ Mr.Bas Dijers ဆိုသူ အမည်ဖြင့် Mail account ဖွင့်ထားပြီး Internet Website မှတစ်ဆင့် Ecstacy (စိတ်ပြောင်း ခေါင်းခါဆေးပြား)များ မှာယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ထို့ပြင် ဖမ်းဆီးရမိသူ ပွကြီး (ခ) ဇော်ကို နိုင်၏ ဖော်ထုတ်ချက်အရ ၎င်းနေထိုင်သည့် ဒေါပုံမြို့နယ် မြို့သစ်ရပ်ကွက်ရှိ နေအိမ်သို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၄၂)မှ တပ်ဖွဲ့ဝင်များက သက်သေများနှင့် အတူ သွားရောက်ရှာဖွေရာ နေအိမ်ဧည့်ခန်း ရှိ ဗီရိုအတွင်းမှ ICE ၇၀ ဂရမ် (ကာလပေါက် ဈေးတန်ဖိုး ကျပ် ၅၆ သိန်း)၊ Katamine ၃၀ ဂရမ် (ကာလပေါက်ဈေး ကျပ် ၉၀၀၀၀)နှင့် မူးယစ်ဆေးဝါးထည့်၍ ပြုပြင်ထားသော ဆေးလိပ် ၁၈ လိပ်စီပါ စီးကရက် လေးဘူးတို့ အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။ 

လက်ရှိတွင် ရဲမင်းပါသုံးဦးတို့အား ကျောက်တံတားမြို့မရဲစခန်း မယ(ပ) ၁၈/၂၀၁၈၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)/၂၀(ခ)/၂၁ ဖြင့် အမှုဖွင့် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

Eleven Media Group

No comments:

Post a Comment