Wednesday, November 28, 2018

မြန်မာနိုင်ငံခရီးသွားကဏ္ဍ၌ Honda Jet လေယာဉ်အား အခြေစိုက်ပျံသန်းမှုပြုလုပ်နိုင်ရန် စီစဉ်နေပြီး ခွင့်ပြုချက်ရရှိပါက လေယာဉ်ငယ်များ ထပ်မံမှာယူအားဖြည့်ပျံသန်းမည်


မြန်မာနိုင်ငံ ခရီးသွားကဏ္ဍ၌ Honda Jet လေယာဉ်အား အခြေစိုက်ပျံသန်းမှု ပြုလုပ်နိုင်ရန် စီစဉ်နေပြီး ခွင့်ပြုချက်ရရှိပါက လေယာဉ်ငယ်များ ထပ်မံမှာယူ အားဖြည့်ပျံသန်းသွားမည်ဖြစ်ကြောင်း KPOCo.,Ltd မှ သတင်းရရှိသည်။

ဂျပန်နိုင်ငံ Honda ကုမ္ပဏီ၏ ဒီဇိုင်းဖြစ်သည့် Honda Jet လေယာဉ်အား မြန်မာနိုင်ငံတွင် ဝေဟင်ပျံသန်းပြသခြင်း၊ မြေပြင်ရပ်နား သရုပ်ပြခြင်းများပြုလုပ်နိုင်ရန် ဈေးကွက်မိတ်ဆက်ခြင်းကို လာရောက်ပြုလုပ်နေခြင်းဖြစ်ကြောင်း အဆိုပါ လေယာဉ်အား မြန်မာနိုင်ငံတွင်ရောင်းချခွင့် ကိုယ်စားလှယ်အဖြစ် လုပ်ကိုင်ခွင့်ရရှိထားသည့် KPO Co.,Ltd  မှ သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံရှိ မြို့ကြီးများတွင် သရုပ်ပြပျံသန်းမှုများ ပြုလုပ်နေပြီး၊ မြန်မာပြည်တွင် အခြေစိုက်ပျံသန်းမှုပြုလုပ်နိုင်ရန်အတွက် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနသို့ ခွင့်ပြုချက် AOC လိုင်စင် ဆက်လက်တင်ပြလျှောက်ထားနိုင်ရန် စီစဉ်နေကြောင်း သိရသည်။

“အခုလက်ရှိမှာတော့ မြန်မာနိုင်ငံ မြို့ကြီးတွေမှာ သရုပ်ပြပျံသန်းမှုတွေ ပြုလုပ်နေပြီးနောက်ပိုင်း မြန်မာပြည်မှာ အခြေစိုက်ပျံသန်းမှု ပြုလုပ်ဖို့ သက်ဆိုင်ရာဌာနကို AOC လိုင်စင်လျှောက်ထားဖို့ စီစဉ်နေပါတယ်” ဟု KPO Co.,Ltd မှ Project Director ဦးနိုင်ထွန်းက ပြောကြားသည်။

အဆိုပါ Honda Jet လေယာဉ်သည် ခုနစ်ယောက်စီးခရီးသည်တင် လေယာဉ်အမျိုးအစားဖြစ်ပြီး တစ်နာရီ မိုင် ၄၀၀ နှုန်းဖြင့် မိုင် ၁၂၀၀ အကွာအဝေးထိ ပျံသန်းနိုင်ပြီးအမြင့် ပေအားဖြင့် လေးသောင်းသုံးထောင်အထိ ပျံသန်းနိုင်မည်ဖြစ်ကာ မြန်မာနိုင်ငံရှိ ATR လေယာဉ်ဆင်းသက်နိုင်မည့် လေယာဉ်ကွင်းတိုင်းတွင် ဆင်းသက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ဂျပန်နိုင်ငံ Honda ကုမ္ပဏီ၏ ဒီဇိုင်းဖြစ်သည့် ယင်း Honda Jet လေယာဉ်သည် အမေရိကန်နိုင်ငံတွင် ထုတ်လုပ်ထားခြင်းဖြစ်ပြီး မြန်မာနိုင်ငံသို့ ၂၀၁၈ခုနှစ်၊ နိုဝင်ဘာ ၄ ရက်နေ့တွင် စတင်ရောက်ရှိခဲ့ခြင်းဖြစ်ရာ မြန်မာနိုင်ငံရှိ မြို့ကြီးများဖြစ်သည့် နေပြည်တော်၊ ရန်ကုန်နှင့် အခြားမြို့ကြီးများတွင် သရုပ်ပြပျံသန်းခြင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

လက်ရှိတွင် မြန်မာနိုင်ငံ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန တာဝန်ရှိသူများအား သရုပ်ပြပျံသန်းခြင်း ခရီးစဉ်ပြသခဲ့ပြီးဖြစ်ကာ အခြားမြို့ကြီးများတွင်လည်း ထပ်မံပြသနိုင်ရန် စီစဉ်နေကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် အနာဂတ်တွင် ဈေးကွက်ရရှိနိုင်မည့် အခြေအနေများကြောင့် နိုင်ငံတကာရှိ ရဟတ်ယာဉ်နှင့် လေယာဉ် ကုမ္ပဏီများက မြန်မာနိုင်ငံဈေးကွက်သို့ သရုပ်ပြပျံသန်း၍ လာရောက်မိတ်ဆက်ခြင်းကို ပြုလုပ်နေကြကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလအတွင်း ကဘရာဇီးနိုင်ငံအခြေစိုက် Embraer လေယာဉ်ကုမ္ပဏီမှ Embraer E2 ဒီဇိုင်းသစ် လေယာဉ်အား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဈေးကွက်မိတ်ဆက်ပြသခြင်း လာရောက်ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်း Embraer E – 190 E2 လေယာဉ်ကုမ္ပဏီမှ ထုတ်လုပ်သော မျိုးဆက်သစ် Embraer လေယာဉ်များကို မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၆၀ ရှိ လေကြောင်းလိုင်း ၁၁၁ လိုင်းမှ စီးရေ ၁ရဝဝခန့် အသုံးပြုနေကြောင်း သိရသည်။

ယခုလာရောက်ပြသသော Embraer E – 190 E2 လေယာဉ်သည် လေယာဉ်၏ ဒီဇိုင်းမှအစ အဘက်ဘက်မှ ပြုပြင်ပြောင်းလဲကာ မျိုးဆက်သစ်အဖြစ် ယခု ၂၀၁၈ခုနှစ်အတွင်း ဈေးကွက်အတွင်းသို့ စတင်ဖြန့်ဖြူး လာသော လေယာဉ်အမျိုးအစားအသစ်ဖြစ်ကြောင်း သိရသည်။

အဆိုပါလေယာဉ်သည် ခရီးသည် ၁၁၄ ဦးအထိ လိုက်ပါစီးနင်းနိုင်ပြီး လေယာဉ်အင်ဂျင်သံဆူညံမှု လျော့နည်းကာ ဆီစားနှုန်းကို ၁၀ ရာခိုင်နှုန်းအထိ သက်သာစေမည်ဟု သိရသည်။

ယင်းပြင် အမေရိကန်အခြေစိုက် Bell ရဟတ်ယာဉ်ကုမ္ပဏီမှ Bell 505 ရဟတ်ယာဉ် အမျိုးအစားအား ရန်ကုန်နှင့် နေပြည်တော်မြို့များတွင် သရုပ်ပြပျံသန်း၍ ဈေးကွက်မိတ်ဆက်ခြင်း လာရောက်ပြုလုပ်ခဲ့သည်။

Eleven Media Group
   

No comments:

Post a Comment