ငါးတန်းမွေးမြူရေးစီမံကိန်းဆောင်ရွက်ရန်ရှယ်ယာဝင်ဦးရေထက်ဝက်ရရှိပါက အသေးစားအလတ်စား(SME) ချေးငွေရရှိရန် နိုင်ငံတော်သို့တင်ပြသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှဒုတိယဥက္ကဋ္ဌ ဒေါက်တာဒေါ်တိုးနန္ဒာတင်က ပြောသည်။
ဧရာဝတီတိုင်းဒေသကြီးပန်းတနော်မြို့နယ်၌ ငါးတန်မွေးမြူရေးစီမံကိန်းအကောင်အထည်ဖော်ရန် ကျပ်သိန်းတစ်ထောင်နှုန်းဖြင့် ရှယ်ယာအစုရေ ၅၀ ကိုရောင်းချမည် ဖြစ်ပြီးရှယ်ယာအစုရေ ၂၅ ခုပြည့်ပါက SME ချေးငွေရရှိရန် နိုင်ငံတော်သို့ တင်ပြမည်ဖြစ်ကြောင်းသိရသည်။
“အောက်တိုဘာလ ၃၀ ရက်ကတည်းကရှယ်ယာစရောင်းပါတယ်။ အခုရှယ်ယာ ၁၅ ခုရောင်းထားရပါပြီ။ ရှယ်ယာတစ်စုကိုသိန်းတစ်ထောင်ဆိုပေမဲ့ တတ်နိုင်သလောက်ထည့်ပြီးပေါင်းဝယ်လို့ ရပါ တယ်။ ရှယ်ယာ ၂၅ စုရရင် SME ချေးငွေတင်ပါတယ်။ မြေကလည်းငါးလုပ်ငန်းအဖွဲ့ချုပ်ကဥက္ကဌသူပိုင်တဲ့မြေကိုငှားတယ်ဆိုရုံငွေနဲ့ ငှားပေးသွားပါမယ်။ မြေလည်းအဆင်သင့်ရှိပါတယ်”ဟု မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှဒုတိယဥက္ကဋ္ဌ ဒေါက်တာတိုးနန္ဒာတင်က ပြောသည်။
အဆိုပါ ငါးတန်မွေးမြူထုတ်လုပ်ရေးစီမံကိန်းကိုမြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ ကျပ် ဘီလီယံ ၂၀ နှင့် နိုင်ငံတော်မှ SME ချေးငွေကျပ် ဘီလီယံ ၂၀ ထည့်ဝင်၍ အကောင်အထည်ဖော်မည်ဖြစ်ပြီး မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်အပိုင်းမှ ထည့်ဝင်မည့်ငွေပမာဏထဲမှ အထက်ပါရှယ်ယာအစုရေ ၅၀ ကိုရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်ရှိငါးကန်များတွင် ၁၀၀ ဂရမ်အရွယ် (တလမှ နှစ်လသားဝန်းကျင်) အထိမွေးမြူထားသောငါးသောက်ပေါက်များကိုပန်းတနော် ငါးမွေးမြူရေးစီမံကိန်းတွင် ဆက်လက် မွေးမြူသွားမည်ဖြစ်ကြောင်းသိရသည်။
မြန်မာ့ငါးတန်များကိုတရုတ်နိုင်ငံမှ ဝယ်ယူမည်ဟုကမ်းလှမ်းမှုများရှိသော်လည်းယင်းဈေးကွက် တစ်ခုတည်းကိုဦးမတည်ဘဲ အခြားသော ပြည်ပဈေးကွက်များကိုပါ တင်ပို့နိုင်ရန်ဈေးကွက်ကျယ်ပြန့်စေရန် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ စီမံကိန်းသည် မြန်မာ့ငါးမွေးမြူရေးဖွံ့ဖြိုးတိုးတက်ရန် ထွက်ပေါက်တစ်ခုဖြစ်သည့်အတွက် ယင်းစီမံကိန်းကိုအကောင်အထည်ဖော်နိုင်ရန်၊ အောင်မြင်ရန်အားလုံးပါဝင်ကာပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်းသိရသည်။
သင်းသင်းလှိုင်(အကုန်သိသတင်းဌာန)

No comments:
Post a Comment