Sunday, December 30, 2018

လက်ထောက်ကထိက ရာထူးတိုးအတွက် စာမေးပွဲဖြေဆိုရန် ဆရာဆရာမများ သဘောတူညီချက်ရရှိ



လက်ထောက်ကထိက ရာထူးတိုး စာမေးပွဲဖြေဆိုရန် ဆရာ ဆရာမများ သဘောတူညီချက် ရရှိခဲ့ကြောင်း၂၀၁၅ ခန့် တက္ကသိုလ်၊ ဒီဂရီကောလိပ် ဆရာ ဆရာမများ ကိုယ်စားပြုကော်မတီမှ သိရသည်။

ဒီဇင်ဘာ ၂၈ ရက်က နေပြည်တော်တွင် အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းနှင့်၂၀၁၅ ခန့် တက္ကသိုလ်၊ ဒီဂရီကောလိပ် ဆရာ ဆရာမများတွေ့ ဆုံပြီး သဘောတူညီချက်ရရှိခဲ့ကြောင်း သိရသည်။
နည်းပြ၊ သရုပ်ပြရာထူးမှ လက်ထောက်ကထိက ရာထူးတိုးပြောင်းရန် စာမေးပွဲဖြေဆိုခြင်းအား ဆရာ ဆရာမများက ကန့်ကွက်ခဲ့ကြပြီး ပြည် ပညာရေးကောလိပ်၊ စစ်ကိုင်းပညာ ရေးကောလိပ်၊ မအူပင်တက္ကသိုလ်၊ ရန်ကုန် အဝေးသင်တက္ကသိုလ်၊ ပင်လုံတက္ကသိုလ်၊ ပြည်တက္ကသိုလ်၊ မော်လမြိုင်ပညာရေးကောလိပ်၊ ဗန်းမော်တက္ကသိုလ်၊ မုံရွာပညာရေးကောလိပ်၊ ဒဂုံတက္ကသိုလ်တို့မှ ဆရာ ဆရာမအချို့က Black Ribbon ကန့်ကွက်လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြသည်။
“အစ်မတို့က စာမေးပွဲမဖြေနိုင်ဘူးဆိုတာ စာမေးပွဲစနစ်ကို တိုက်တာ။ မဖြေချင်လို့ မဟုတ်ဘူး။ အစဉ်အလာမရှိတာကို တိုက်တာ။ မနေ့ကတော့ (ဒီဇင်ဘာ၂၈) အားလုံး သဘောတူညီချက်နဲ့ အစ်မတို့လိုချင်တဲ့ အရာတွေ တောင်းလို့ရလို့ ဖြေမယ်ပြောခဲ့တယ်။ အကုန်လုံး သာတူညီမျှစွာ ရာထူးတိုးရေး၊ ရာထူးတိုးရက်ကို နောက်အကျဆုံး ဖေဖော်ဝါရီ နောက်ဆုံးအပတ်ကို တိုးပေးရေးရယ် အပြောင်းအတွက်က ရေးဖြေဖြေပြီးလို့ နှုတ်ဖြေမှာ ကိုယ်ပြောင်းချင်တဲ့နေရာကို အဆိုပြုပြီး ပြောင်းဖို့ကို အဆည အခုရာထူးအတိုးမှာ အပြောင်းထည့်ပေးဖို့ စဉ်းစားပေးမယ်။ အခု ရာထူးတိုးမှ မပါခဲ့ရင်တောင် လာမယ့် ဒီဇင်ဘာမှာ ပြောင်းပေးမယ်ဆိုတဲ့ ကတိရလို့ သဘောတူညီခဲ့တယ်” ဟု ပုသိမ်တက္ကသိုလ်မှ ဒေါက်တာကေခိုင်လင်းက ပြောကြားသည်။
ပညာရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၄ ရက်တွင် လက်ထောက်ကထိကရာထူးတိုး စာမေးပွဲဖြေရန် ဇန်နဝါရီ ၆ ရက်တွင် ဖြေဆိုရမည်ဟု ထုတ်ပြန်ထားပြီး ဇန်နဝါရီ ၅ ရက်သို့ ပြောင်းရွှေ့ရန် ဆရာ ဆရာများ သဘောတူညီ ချက်ရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ရာထူးတိုးစာမေးပွဲ ရေးဖြေ၊ နှုတ်ဖြေဖြေဆိုပြီး ရာထူးတိုးမြှင့်ခန့်ထားခြင်းကို ဖေဖော်ဝါရီ နောက်ဆုံးပတ်တွင် အပြီးသတ်ကြေညာပေးရန် သဘောတူညီချက်ရရှိခဲ့ကြောင်း သိရသည်။
ရာထူးတိုးမြှင့် နှုတ်ဖြေစာမေးပွဲဖြေဆို ရာတွင် ၎င်းတို့ ပြောင်းရွှေ့လိုသော ကျောင်းကို အဆိုပြုစေပြီး အပြောင်းအရွှေ့အတွက် ထည့်သွင်းစဉ်းစားပေးမည်ဟု သဘောတူညီချက်ရရှိကြောင်း ၂၀၁၅ ခန့် တက္ကသိုလ်၊ ဒီဂရီကောလိပ် ဆရာ၊ ဆရာမများ ကိုယ်စားပြု ကော်မတီမှ သိရသည်။
သြဂုတ်လအတွင်းက ရာထူးတိုး၊ ပြောင်းရွှေ့ရန်ခေါ်ယူသော အမိန့်ကြော်ငြာစာတွင်လည်း စာမေးပွဲဖြေဆိုရမည်ဟု ပါရှိခြင်း မရှိခဲ့သည့်အပြင် ယခင်နှစ်များကလည်း လက်ထောက်ကထိက ရာထူးတိုးစာမေးပွဲ မရှိခဲ့ခြင်းကြောင့် ယခုနှစ်ဖြေဆိုရန် ကန့်ကွက်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment