အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ ဆီးရီးယား မြို့တော် ဒမတ်စကတ်ရဲ့ တောင်ပိုင်းက စစ်တပ်အခြေစိုက် စခန်းတွေကို ပစ်မှတ်ထားခဲ့တယ်လို့ ဆီးရီးယားအစိုးရက ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို တိုင်ကြားလိုက်ပါတယ်။
ဒါဟာ ဆီးရီးယား အကြပ်အတည်းကို ကြာရှည်စေဖို့ ရည်မှန်းလုပ်ဆောင်တာလို့လည်း ပြောပါတယ်။
အစ္စရေးဟာ ခရစ္စမတ်နေ့မှာပဲ မြို့တော် ဒမတ်စကတ်နဲ့ အနားဝန်းကျင် ဆင်ခြေဖုံးတွေက စစ်ဘက်နဲ့ အရပ်ဘက်ဒေသ အတော်များများကို တိုက်ခိုက်ခဲ့တယ်လို့ ဆီးရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
အများပြည်သူ အားလပ်ရက်မှာ ခုလိုဖြစ်ရတဲ့အတွက်လည်း ပြစ်တင်ရှုတ်ချပါတယ်။ ဆီးရီးယားနိုင်ငံအတွင်း ညဘက်ကြီး လေကြောင်းတိုက်ခိုက်မှုတွေအတွက် တာဝန်ယူကြောင်း အစ္စရေးက ဗုဒ္ဓဟူးနေ့မှာပဲ အတည်ပြုခဲ့ပါတယ်။
“လေတပ်ဟာ အီရန်ကသုံးနေတဲ့ သယ်ယူပို့ဆောင်ရေးနဲ့ သိုလှောင်ရေး အဓိကနေရာ ၃ နေရာကို ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့တယ်။ ဒီနေရာတွေဟာ အီရန်က ကျောထောက်နောက်ခံ ပေးထားတဲ့ လက်ဘနွန် စစ်သွေးကြွအုပ်စု ဟဇ်ဘိုလာတွေဆီ လက်နက်တွေကို တင်ပို့တဲ့ နေရာတွေ ဖြစ်တယ်” လို့ အစ္စရေး လုံခြုံရေးအရာရှိ တယောက်က ပြောခဲ့ပါတယ်။
DVB

No comments:
Post a Comment