Tuesday, December 25, 2018

ဝေလငါးတွေကို စီးပွားဖြစ် ဖမ်းဆီးဖို့အတွက် နိုင်ငံတကာ ဝေလငါးကော်မရှင်ကနေ နုတ်ထွက်မည်ဟု ဂျပန် ကြေညာ


နိုင်ငံတကာ ဝေလငါး ကော်မရှင် (IWC) ကနေ နုတ်ထွက်မည် ဖြစ်ကြောင်းနဲ့ လာမယ့်နှစ်ကစလို့ ဝေလငါးတွေကို စီးပွားဖြစ် ပြန်လည် ဖမ်းဆီးသွားတော့မှာ ဖြစ်ကြောင်း ဂျပန်အစိုးရက ဒီဇင်ဘာ ၂၆ ရက်မှာ ကြေညာလိုက်ပါတယ်။ 
အဆိုပါ ကြေညာချက်ကြောင့်လည်း နိုင်ငံတကာ ဝေဖန်ပြစ်တင်မှုတွေလည်း မကြာမီ ထွက်ပေါ်လာတော့မယ်လို့ မျှော်လင့်ရပါတယ်။ 

ဒါဟာ ယခုနှစ် အစောပိုင်းတုန်းက ယင်းနိုင်ငံမှာ စီးပွားဖြစ် ဝေလငါး ဖမ်းဆီးမှုကို ခွင့်ပြုပေးဖို့ IWC ထံ ဂျပန်တို့ဘက်က တင်ပြတောင်းဆိုခဲ့ပေမယ့် မအောင်မြင်ခဲ့တဲ့နောက်ပိုင်း ခုလို တရားဝင် နုတ်ထွက်မယ့် ကြေညာချက် ထွက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ 

" နိုင်ငံတကာ ဝေလငါး ကော်မရှင်ကနေ နုတ်ထွက်ဖို့ ကျွန်တော်တို့ ဆုံးဖြတ်လိုက်ပါပြီ၊ လာမယ့်နှစ် ဇူလိုင်လကနေစပြီး စီးပွားဖြစ် ဝေလငါး ဖမ်းဆီးမှုတွေ ပြန်စပါတော့မယ်" ဆိုပြီး ဂျပန် အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ယိုရှီဟိုက် ဆူဂါက သတင်းထောက်တွေကို ပြောပါတယ်။ 

သိပ္ပံသုတေသနလုပ်ငန်း အကြောင်းပြပြီး နှစ်စဉ် ဝေလငါး ရာချီ ဖမ်းဆီးနေခဲ့တယ်ဆိုပြီး ဂျပန်တို့အပေါ် နိုင်ငံတကာက ဝေဖန်မှုတွေ ယခင်ကာလတွေအတွင်း ရှိနေခဲ့ပါတယ်။ ယင်းအတွက်ကြောင့်လည်း ကော်မရှင်ကနေ နုတ်ထွက်ဖို့ ယခင်ကာလတွေကတည်းက တိုကျိုဘက်က ခြိမ်းခြောက်နေခဲ့တာဖြစ်ပါတယ်။ 

ယခုလို နုတ်ထွက်မယ့် ဆုံးဖြတ်ချက်ကို ယခုနှစ်ကုန်မှာပဲ IWC ထံကို တရားဝင် အကြောင်းကြားအသိပေးသွားမှာဖြစ်တဲ့အတွက် ဒီနုတ်ထွက်မှုဟာ လာမယ့် ဇွန်လ ၃၀ မှာ တရားဝင် အသက်ဝင်မှာဖြစ်ကြောင်း ဆူဂါက ပြောသွားပါတယ်။

Mizzima - News in Burmese

No comments:

Post a Comment