အမေရိကန် သမ္မတဟောင်း ဂျော့ဂ်ျဘုရှ် (စီနီယာ)သည် နိုဝင်ဘာ ၃၀ က ကွယ်လွန်သွားပြီဖြစ်ကြောင်း သိရသည်။ အမေရိကန်၏ ၄၁ ဆက်မြောက် သမ္မတ ဖြစ်ခဲ့သလို ၄၃ ဆက်မြောက် သမ္မတ ဂျော့ဂ်ျ ဒဗလျူဘုရှ်၏ ဖခင်လည်း ဖြစ်ခဲ့သော ဘုရှ်သည် ကွယ်လွန်ချိန်တွင် အသက် ၉၄ နှစ် ရှိပြီဟု သိရသည်။
၎င်းသည် ပါကင်ဆန် ရောဂါသည် တစ်ဦးဖြစ်ရာ နှစ်အတန်ကြာ ဘီးတပ်ကုလားထိုင်ဖြင့် သွားလာနေခဲ့ရသည်။
ဘုရှ်သည် ပြီးခဲ့သည့် လပိုင်းများအတွင်း ကျန်းမာရေး အခြေအနေ သိသိသာသာ ဆုတ်ယုတ်လာခဲ့သည်။
ဧပြီလ အတွင်းက ဇနီးဖြစ်သူ၏ ဈာပန အခမ်းအနားကို တက်ရောက်ပြီး တစ်ရက်အကြာ၌ ဘုရှ်သည် သွေးအတွင်း ရောဂါပိုးမွှား ပျံ့နှံ့ ဝင်ရောက်မှုကြောင့် ဆေးရုံတက် ကုသမှု ခံယူခဲ့ရသေးသည်။
၎င်းသည် ဇနီးဖြစ်သူ အသက် ၇၃ နှစ်အရွယ် ဘာဘရာဘုရှ် ကွယ်လွန်သွားပြီး ၈ လအကြာတွင် လူ့လောကကို စွန့်ခွာခဲ့ခြင်း ဖြစ်သည်။
ဘုရှ်သမ္မတအဖြစ် တာဝန်ယူချိန်တွင် ကမ္ဘာ့ရေးရာ ကဏ္ဍများ၌ အမေရိကန်၏ ပါဝင် ဆောင်ရွက်မှု ပိုမို ကျယ်ပြန့်လာသော်လည်း စီးပွားရေး ကျဆင်းမှုများကြောင့် ဒုတိယ သက်တမ်းအတွက် ရွေးချယ် မခံရတော့ချေ။
ရီပတ်ဘလစ်ကန် ပါတီ ကိုယ်စားပြု နိုင်ငံရေးသမား ဘုရှ်သည် ၁၉၈၉ ခုနှစ်မှ ၁၉၉၃ ခုနှစ်ထိ အမေရိကန် သမ္မတ တာဝန်ကို ထမ်းဆောင်ခဲ့သည်။
၎င်းသည် ငယ်စဉ်က ထူးချွန်သော ရေတပ် လေယာဉ်မှူး တစ်ဦးအဖြစ်လည်း အသိအမှတ်ပြု ခံခဲ့ရသည်။
၎င်း၏ တိုက်လေယာဉ်သည် ၁၉၄၄ ခုနှစ်က ပစိဖိတ်တွင် ပစ်ချခံခဲ့ရဖူးသည်။ ဘုရှ်သည် ဒုတိယ ကမ္ဘာစစ်ကို ကြုံခဲ့သည့် မျိုးဆက်များ၌ သမ္မတ ရာထူးကို ရရှိသည့် နောက်ဆုံး ပုဂ္ဂိုလ်လည်း ဖြစ်သည်။
၎င်းကွယ်လွန်သည့် သတင်းကို မိသားစုက အတည်ပြုခဲ့သည့်နောက် အမေရိကန် နိုင်ငံရေး ရပ်ဝန်းမှ ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်များက ဝမ်းနည်းကြောင်း တုံ့ပြန် ကြေညာခဲ့ကြသည်။
ဘုရှ်၏ ဈာပန အစီအစဉ်အသေးစိတ် ကိစ္စများကိုမူ မိသားစုက စီစဉ်နေဆဲ ဖြစ်သည်။
ဓာတ်ပုံ - EPA
7Day

No comments:
Post a Comment