ကျေးရွာများ လျှပ်စစ်ဓာတ်အားရရှိရေးအတွက်ကမ္ဘာ့ဘဏ်ချေးငွေဖြင့် အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်းအား အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန မှသိရသည်။
အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်းကိုကမ္ဘာ့ဘဏ် ချေးငွေ အမေရိကန်ဒေါ်လာသန်း ၃၁၀ ဖြင့်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ပထမအဆင့်အနေဖြင့် ဓာတ်အားစနစ်မှ ၂ မိုင် အတွင်း ကျေးရွာ ၅၀၈၀ ရွာကို ဆောင်ရွက်လျက်ရှိကြောင်းလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်ကပြောသည်။
“ပထမအဆင့်စာရင်းပါ ကျေးရွာ ၅၀၈၀ ရွာအတွက် လိုအပ်တဲ့ ထရန်စဖော်မာ၊ ကွန်ကရိတိုင်၊ ကြွေသီး၊ ကြိုး၊ လက်တန်းနှင့် ဆက်စပ်ပစ္စည်းများကို (International Competitive Bidding – ICB) ဖြင့် ခေါ်ဆိုခဲ့ပြီး ပစ္စည်းများရောက်ရှိလာပြီဖြစ်ပါတယ်။ ဒီပထမအဆင့်ပါ ကျေးရွာများအတွက် တည်ဆောက်တပ်ဆင်ခြင်း တင်ဒါကို (National Competitive Bidding – NCB) စနစ်နဲ့ တင်ဒါခေါ်ဆိုခဲ့ပါတယ်။ နိုင်ငံတကာအကြံပေး ပုဂ္ဂိုလ်များပါဝင်မယ့် တင်ဒါစိစစ်ရေးအဖွဲ့ ဝင်များနဲ့အတူ ကမ္ဘာ့ဘဏ်ရဲ့ လုပ်ထုံးလုပ်နည်းများနဲ့အညီ စိစစ်ခဲ့ပြီး တင်ဒါအောင်မြင်တဲ့ ကုမ္ပဏီများကို စာချုပ်ချုပ်ဆိုဖို့ စီစဉ်ဆောင်ရွက်ခဲ့ပါတယ်”ဟု၎င်းကပြောသည်။
လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းနှင့် ကမ္ဘာ့ဘဏ် ချေးငွေဖြင့်ဆောင်ရွက်လျက်ရှိသည့် အမျိုးသားလျှပ်စစ် ဓာတ်အား ရရှိရေးစီမံကိန်းတွင်ပါရှိသော စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာ ၄၈၂ ရွာအတွက် ဓာတ်အားလိုင်း၊ ထရန်စဖော်မာ တည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန် တင်ဒါအောင်မြင်ခဲ့သော ကုမ္ပဏီများဖြစ်သည့် Able Winner Co.,Ltd ၊ Soe Moe Than Co., Ltd ၊ Helta Light Co.,Ltd နှင့် Myanmar Super Ray Co.,Ltd တို့အကြား လုပ်ငန်းအပ်နှံသည့် စာချုပ်ကို ယခုလ တတိယပတ်က လက်မှတ်ရေးထိုးခဲ့ကြသည်။
ယင်းကဲ့သို့ တင်ဒါအောင်မြင်သည့် ကုမ္ပဏီများအနေဖြင့် မြေပြင်ကွင်းဆင်းလေ့လာမှု အသေးစိတ် ဆောင်ရွက်၍ လုပ်ငန်းများ အမြန်စတင်ဆောင်ရွက်ကြရမည်ဖြစ်ပြီးကျေးရွာများ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ကမ္ဘာ့ဘဏ်ချေးငွေဖြင့်ဆောင် ရွက်ရမည့် နိုင်ငံတော်အဆင့် လုပ်ငန်းဖြစ်သောကြောင့် စာချုပ်ပါ စည်းမျဉ်းစည်းကမ်းများအတိုင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ သတ်မှတ်ချိန် အတိုင်းပြီးစီးနိုင်ရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်း ရှင်းစေရေးနှင့် အရည်အသွေး ကောင်းမွန်စေရေးတို့ကို အလေးထားဆောင်ရွက်ရန် လိုအပ်သည်ဟုဆိုသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် အမျိုးသားလျှပ်စစ်ဓာတ် အားရရှိရေးစီမံချက် (National Electrification Plan – NEP) ၏ စီမံချက် ကနဦးအနေဖြင့် ကမ္ဘာ့ဘဏ်မှ ချေးငွေ အမေရိကန်ဒေါ် လာသန်း ၃၁၀ ကိုရယူကာ NEP ပထမအဆင့်ကို တိုင်းဒေသကြီး ၊ပြည်နယ်အသီးသီးတွင် မဟာဓာတ်အားလိုင်းမှ ၂ မိုင်အတွင်းရှိ ကျေးရွာ ၅၀၈၀ ရွာကို ဆောင်ရွက်လျက်ရှိကာ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလတွင် တည်ဆောက်ရေးလုပ်ငန်းများစတင် ဆောင်ရွက်နိုင် မည်ဖြစ်ကြောင်းသိရသည်။
ပထမအဆင့်ပါ ကျေးရွာများအတွက် တိုင်းဒေသကြီး၊ ပြည်နယ်များ အလိုက် တည်ဆောက်ရေးတင်ဒါ ၁၂ ခု ကိုခေါ်ဆိုခဲ့ပြီး ပထမအဆင့် စီမံကိန်းပြီးစီးပါက ကျေးရွာပေါင်း ၅၀၈၀ ရွာရှိ အိမ်ထောင်စုပေါင်း ၆၂၆၇၅၇ ခန့် ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
ယခုတင်ဒါအောင်မြင်သည့် ကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆိုခြင်းသည် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ စစ်ကိုင်း၊ ရွှေဘို၊ ကန့်ဘလူ၊ ကသာခရိုင်အတွင်းရှိ ကျေးရွာ ၄၈၂ ရွာကို ဓာတ်အားရရှိနိုင်ရေးအတွက် ပထမဦးဆုံး ချုပ်ဆိုသည့်စာချုပ်ဖြစ်ပြီး ယင်းစီမံကိန်းပြီးစီးသွားပါက အိမ်ထောင်စုအရေအတွက်ပေါင်း ၅၂၂၄၇ စု မီးလင်းနိုင်မည်ဖြစ်သည်။
ယင်းစီမံကိန်းလုပ်ငန်းများမှာ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ တွင်ပြီးစီးမည်ဖြစ်ပြီး စီမံကိန်းပြီးစီးပါက ကျန်တင်ဒါများအားလုံးကိုလည်း သတ်မှတ်ချိန်အတွင်း ပြီးစီးစေရန် ကမ္ဘာ့ဘဏ်၏ လုပ်ထုံးလုပ်နည်း များနှင့်အညီ စိစစ်လျက်ရှိကြောင်းသိရသည်။
ဝေဝေဖြိုး
The Fifth Wave News

No comments:
Post a Comment