Wednesday, December 26, 2018

ရန်ကုန်စိတ်ကျန်းမာရေးဆေးရုံကြီးတွင် လူနာဆောင်အသစ် ဆောက်ပေးမည်ဟုဆို


ရန်ကုန်စိတ်ကျန်းမာရေးဆေးရုံကြီးမှာ လူနာဆောင်အသစ် ဆောက်လုပ်ပေးသွားမယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောဆိုကြောင်း စိတ်ကျန်းမာရေးဆေးရုံ (ရန်ကုန်) ရဲ့ ဆေးရုံအုပ်ကြီး ဒေါက်တာတင်တင်ဝင်းက ပြောပါတယ်။ 
ဒီဇင်ဘာ ၂၆ ရက်နေ့က မီးဘေးသင့်ခဲ့တဲ့ စိတ်ကျန်းမာရေးဆေးရုံက ပြင်ပလူနာဆောင်ကို လာရောက်ကြည့်ရှုစဉ် ပြောဆိုခဲ့တာဖြစ်ပါတယ်။ 

လူနာဆောင်အသစ်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရန်ပုံငွေအပြင် ကျန်းမာရေးနဲ့ပတ်သက်ပြီး ကူညီထောက်ပံ့လိုတဲ့ ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး ဆောက်လုပ်ပေးသွားမယ်လို့ပြောဆိုခဲ့ကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာတင်တင်ဝင်းကပြောပါတယ်။ 

စိတ်ကျန်းမာရေးဆေးရုံ (ရန်ကုန်) မှာ တက်ရောက်ကုသနေတဲ့ လူနာအရေအတွက်ဟာ အမျိုးသားလူနာ ၈၀၅ ယောက်၊ အမျိုးသမီးလူနာ ၅၇၀ ယောက်၊ စုစုပေါင်း ၁၃၇၅ ယောက် တက်ရောက် ဆေးဝါးကုသနေပါတယ်။ 

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်မှာရှိတဲ့ စိတ်ကျန်းမာရေးဆေးရုံမှာ ပြီးခဲတဲ့ ဒီဇင်ဘာ ၂၄ ရက်ညက ဆေးရုံရဲ့ ပင်မဆောင် ပထမထပ်မှာရှိတဲ့ အမျိုးသားလူနာဆောင်ကနေ မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ 

မီးလောင်ရာနေရာကို မီးသတ်တပ်ဖွဲ့က ကနဦး Level 2 အဆင့်အဖြစ် သတ်မှတ်မီးငြှိမ်းသတ်နေရာကနေ မီးအရှိန်မြင့်လာတဲ့အတွက် Level 3 သတ်မှတ်ကာ တနာရီနီးပါး မီးငြှိမ်းသတ်ခဲ့ရပြီး ဒီဇင်ဘာ ၂၅ ရက် မနက် ၁၂နာရီ မိနစ်လေးဆယ်လောက်မှာ မီးငြိမ်းသွားခဲ့ပါတယ်။

DVB

No comments:

Post a Comment