မက္ကဆီကိုနိုင်ငံ ပွယ်ဘလာပြည်နယ် အုပ်ချုပ်ရေးမှူးနဲ့ ခင်ပွန်းဖြစ်သူ အထက်လွှတ်တော်အမတ်တို့ သေဆုံးခဲ့တဲ့ ရဟတ်ယာဉ်ပျက်ကျမှုကို သက်ဆိုင်ရာက စုံစမ်းစစ်ဆေးနေပါတယ်။
သူတို့ဟာ မက္ကဆီကို အလယ်ပိုင်းက ပွယ်ဘလာမြို့အနီး ရဟတ်ယာဉ် ပျက်ကျမှုအတွင်း ဒီဇင်ဘာ ၂၄ ရက်နေ့က သေဆုံးတယ်လို့ အစိုးရက ပြောပါတယ်။
အပြင်းအထန် ယှဉ်ပြိုင်ခဲ့ရတဲ့ ရွေးကောက်ပွဲအပြီး ရာထူးလက်ခံပြီးချိန်မှာ အခုလို ဖြစ်ခဲ့တာပါ။
ပွယ်ဘလာပြည်နယ် အုပ်ချုပ်ရေးမှူး မာသာ အီရစ်ကာ အာလွန်ဆိုဟာ နာမည်ကြီး အတိုက်အခံခေါင်းဆောင်တယောက် ဖြစ်ပါတယ်။
သူ့ရဲ့ခင်ပွန်းသည် အထက်လွှတ်တော်အမတ် ရာဖယ် မိုရေနိုဟာလည်း ပွယ်ဘလာပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း ဖြစ်ပါတယ်။
ဒီဇင်ဘာ ၂၄ ရက် မွန်းလွဲပိုင်းက သူတို့စီးနင်းလိုက်ပါလာတဲ့ သြဂတ်စတာ ရဟတ်ယာဉ်ဟာ ပျံတက်ပြီး မကြာခင် ပျက်ကျခဲ့တယ်လို့ အစိုးရက ပြောပါတယ်။
ပုဂ္ဂလိကပိုင် ရဟတ်ယာဉ်ဟာ ပွယ်ဘလာလေဆိပ်ကနေ ရေမိုင် ၃ မိုင်အကွာ စန်တာမာရီယာ ကိုရိုနန်ဂိုမြို့ထဲမှာ ချို့ယွင်းမှုတခုကြောင့် ပျက်ကျခဲ့တာလို့ လုံခြုံရေးဝန်ကြီး အယ်လ်ဖွန်ဆို ဒူရာဇိုက ပြောပါတယ်။
ရဟတ်ယာဉ်ပေါ်မှာ ပွယ်ဘလာအုပ်ချုပ်ရေးမှူး ဇနီးမောင်နှံနဲ့အတူ ဗိုလ်ကြီးတယောက်၊ ပထမဆင့် အရာရှိတယောက်နဲ့ ခရီးသည်တယောက်လည်း ပါတယ်လို့ ဒူရာဇိုက ပြောပါတယ်။
ဒီအဖြစ်အပျက်ကြောင့် ရဟတ်ယာဉ်နဲ့ အင်ဂျင်ထုတ်လုပ်သူတွေကို ဆက်သွယ်နေပြီး သူတို့ကိုယ်တိုင် ပျက်ကျတဲ့နေရာကို လာစစ်မယ်လို့ ဒူရာဇိုက ဒီဇင်ဘာ ၂၅ ရက်နေ့မှာ ပြောပါတယ်။
သမ္မတကလည်း သူ့အစိုးရက ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးမယ်လို့ တွစ်တာ လူမှုကွန်ရက်မှာ ပြောထားပါတယ်။
DVB







0 comments:
Post a Comment