Sunday, January 6, 2019

ဘူးသီးတောင်မြို့နယ်ရှိ နယ်ခြားစောင့် ရဲကင်းစခန်းလေးခုကို ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် တိမ်းရှောင်ခဲ့ရသည့် စစ်ဘေးရှောင်ပြည်သူ ၂၀၀ ကျော်ရှိကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး ပြောကြား


ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ရှိ နယ်ခြားစောင့်ရဲကင်းစခန်းလေးခုကို ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) ၏ ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် တိမ်းရှောင်ခဲ့ရသည့် စစ်ဘေးရှောင်ပြည်သူ ၂၀၀ ကျော်ရှိကြောင်း ရခိုင်ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးညီညီမင်းက ပြောကြားသည်။ 
“စစ်ရှောင်က စေတီပြင်မှာတော့ အိမ်ထောင်စု ၃၅ စုလောက်ရှိမယ်။ အဲဒီအထက်မှာတော့ ၂၄ စုလောက်ရှိမယ်။ နှစ်ခုပေါင်းဆိုရင်တော့ အိမ်ထောင်စု ၅ဝကျော်လောက် ရှိမယ်။ အဲဒီလောက်ပဲ။ စစ်ဘေးရှောင်စခန်းဆီကို ရောက်လာတယ်။ အဲဒါကြောင့်လည်း ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်ကျန်းမာရေး၊ ခရိုင် မီးသတ်၊ ခရိုင်က ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးမှူး၊ ဒါတွေနဲ့ပေါင်းစပ်ပြီးတော့မှ ထောက်ပံ့မှုတွေ အချိန်မီပေးနိုင်ဖို့ ပြည်နယ်အစိုးရအဖွဲ့ကနေပြီးတော့ ဆောင်ရွက်နေပါတယ်။ စစ်ရှောင်အိမ်ထောင်စု ၅၀ ကျော် မှာ လူဦးရေ ၂၀၀ ကျော်လောက်ရှိပါမယ်” ဟု ရခိုင်ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးညီညီမင်းက ပြောကြားသည်။ 

ဇန်နဝါရီ ၄ ရက် နံနက် ၆ နာရီခွဲခန့်တွင် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) က ဘူးသီးတောင်မြို့နယ်အတွင်းရှိ ကျောင်းတောင်၊ ငမြင်းဘော်၊ ဂုပ္ပိနှင့် ခထီးလှ နယ်ခြားစောင့်ရဲကင်းစခန်းလေးခုကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုကြောင့် ရဲမှူးတစ်ဦး အပါအဝင် ရဲတပ်ဖွဲ့ဝင် ၁၃ ဦး ကျဆုံးခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ကိုးဦးဒဏ်ရာရရှိကြောင်း အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။ 

တိုက်ခိုက်မှုဖြစ်စဉ်တွင်အရပ်သား သေဆုံးမှု ရှိ မရှိ သိရှိရခြင်းမရှိသေးဘဲ ရဲတပ်ဖွဲ့ဝင်များနှင့် အမျိုးသမီးအချို့အပါအဝင် ၁၄ ဦးအား AA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး ယင်းနေ့ညနေပိုင်း၌ ပြန်လွှတ်ပေးခဲ့သည်။ 

“အရပ်သားသေဆုံးမှု ရှိ မရှိတော့ သတင်း အတိအကျ မရသေးပါဘူး။ AA က ဖမ်းဆီးသွားတဲ့ သူတွေကတော့ ပြန်ပြီးတော့ လွတ်လာပါပြီ။ တပ်မတော်က ထုတ်ပြန်ထားတဲ့သတင်းတွေနဲ့ ကြားသိရတဲ့သတင်းတွေအရ အရပ်သားလေးဦး၊ တပ်ဖွဲ့ဝင် ၁၂ ဦးလောက်နဲ့ လဝကဝန်ထမ်းတွေ ပြန်ပြီးတော့ ရပြီ။ သေဆုံးသွားတဲ့ သူတွေအတွက် ပြည်နယ်ရဲတပ်ဖွဲ့ကနေ ၁ဝသိန်းထောက်ပံ့တယ်။ ပြည်နယ် အစိုးရဘက်ကတည်း ကျဆုံးတဲ့သူတွေအတွက် တစ်သိန်းစီထောက်ပံ့ပြီးတော့ ဒဏ်ရာရတဲ့ သူတွေအတွက်လည်း ငါးသောင်းစီ ထောက်ပံ့ထားပါတယ်။ တပ်ဖွဲ့ဝင်တွေအတွက်လည်း နေရေးထိုင်ရေး အဆင်ပြေအောင်နေနိုင်ဖို့အတွက် ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ ပြည်နယ်ဝန်ကြီးချုပ်ရဲ့ ညွှန်ကြားချက်အတိုင်း အဆင်ပြေအောင် စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ကျွန်တော်တို့ရဲ့ ရင်ထဲမှာတော့ ရခိုင်ပြည်နယ်ကြီး အမြဲတမ်းအေးချမ်းစေချင်တယ်။ ပြည်နယ်ကြီးအေးချမ်းမှ ဒီမှာနေထိုင်တဲ့ ပြည်သူတွေအားလုံးလည်း ငြိမ်းချမ်းမှာဖြစ်တယ်။ ကျွန်တော်တို့ကလည်း ငြိမ်းချမ်းဖို့ကိုပဲ အမြဲလိုလားလျက် ရှိပါတယ်” ဟု ရခိုင်ပြည်နယ် အုပ်ချုပ်ရေးမှူး ဦးညီညီမင်းက ပြောကြားသည်။ 

နိုင်ငံတော်အစိုးရအနေဖြင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ ယခုကဲ့သို့ AA လက်နက်ကိုင်အဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှု လုပ်ရပ်များ ကြောင့် အခြေအနေများ ပိုမိုရှုပ်ထွေးစေပြီး ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်စေကာ ရခိုင်ပြည်နယ်အတွင်း မတည်မငြိမ်မှုများ မြင့်တက်လာစေနိုင်ရန် ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်လာခြင်းဖြစ်သည့်အတွက် AA လက်နက်ကိုင်အဖွဲ့၏ အကြမ်းဖက်လုပ်ရပ်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ထိရောက်စွာ တုံ့ပြန်ချေမှုန်းနှိမ်နင်းသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။ 


Eleven Media Group


No comments:

Post a Comment