ကရင်ပြည်နယ် မြဝတီမြို့တွင် BGF တပ်ဖွဲ့ဝင် လေးဦးသေဆုံးပြီး အရပ်သားတစ်ဦး ဒဏ်ရာရစေရန် ပစ်ခတ်ခဲ့သူကို ဇန်နဝါရီ ၂ ရက်က အသေဖမ်းမိခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ မြဝတီမြို့ သင်္ဃန်းညီနောင် ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာ (၉၀၁) ဝင်းအတွင်း အခြေပြုလျက်ရှိသော နယ်ခြား စောင့်တပ်(BGF)မှ တပ်ဖွဲ့ဝင်တစ်ဦးက ဇန်နဝါရီ ၁ ရက် ည ၉ နာရီအတွင် သေနတ် ဖြင့်ပစ်ခတ်မှုကြောင့် တပ်ဖွဲ့ဝင်လေးဦး သေဆုံးကာ ဆိုင်ကယ်စီးလာသူ အရပ်သားတစ်ဦး ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။
မြဝတီမြို့နယ်၊ သင်္ဃန်းညီနေင်ကျေးရွာ အုပ်စု၊ ရွာသစ်ကျေးရွာ(၉၀၁)ဝင်းအတွင်း ပစ်ခတ်မှုဖြစ်ပွားကြောင်း သတင်းအရ မြဝတီခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်နိုင်ထွန်း ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များ၊ သင်္ဃန်းညီနောင်နယ်မြေ ရဲစခန်းမှူး ရဲအုပ်ရဲနောင် ဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေး သက်သေလူကြီးများ၊ ရှေ့တန်း ခလရ(၉၇)တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီးအောင်ဆန်းဝင်း ဦးစီးသော တပ်မတော်သားများက ချက်ချင်းသွားရောက် စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
ယင်းသို့ ပူးပေါင်းအဖွဲ့က စစ်ဆေးရာတွင် အဆိုပါဝင်းအတွင်း လုံခြုံရေးတာဝန် ထမ်းဆောင်လျက်ရှိသော နယ်ခြားစောင့်တပ် (၁၀၂၁)မှ တပ်ဖွဲ့ဝင်များဖြစ်ကြသည့် တပ်သားအောင်ပိုင်၊ တပ်ကြပ်ကြီး စောတာ့အဲ့သူး၊ တပ်ကြပ်စောသာခွား၊ ဒုတပ်ကြပ်မြင့်ထွေး တို့မှာ သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိရကြောင်း သိရသည်။
ထို့ပြင် ၎င်းဝင်းရှေ့ရှိ အောင်ဇေယျလမ်းပေါ်တွင် ရွာသစ်ကျေးရွာနေသူ ညီညီလွင်မှာ ရင်ဘတ်သေနတ်ဒဏ်ရာဖြင့် လဲကျနေသည်ကို တွေ့ရကြောင်း ရဲစစ်ဆေးချက် မှတ်တမ်းအရ သိရသည်။
အဆိုပါ သေဆုံးသူနယ်ခြားစောင့်တပ်ဖွဲ့ဝင်လေးဦးနှင့် ဒဏ်ရာရရှိသူ အရပ်သား တစ်ဦးအား မြဝတီခရိုင် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ပူးပေါင်းအဖွဲ့သည် အခင်းဖြစ်စဉ် နှင့် ပတ်သက်၍ လုံခြုံရေးတာဝန်ထမ်းဆောင်နေသော နယ်ခြားစောင့်တပ် (၁၀၂၁)မှ တပ်ကြပ်စောခလေ့အား မေးမြန်းရာ ၎င်းတို့တပ်မှ စောပေပေသည် အရက်သေစာ သောက်စားမူးယစ်ပြီး ၎င်းကိုင်ဆောင်ထားသော M 16 သနတ်ဖြင့် ကင်းအတူတာဝန်ကျ တပ်ဖွဲ့ဝင် လေးဦးကို ပစ်ခတ်ပြီးနောက် လမ်းမပေါ်သို့ ထွက်သွားကြောင်း၊ လမ်းမပေါ်တွင် ဆိုင်ကယ်စီးလာသူ တစ်ဦးကို ထပ်မံပစ်ခတ်ပြီး လဲကျစဉ် ဆိုင်ကယ်ကိုယူ၍ မြဝတီဘက်သို့ ထွက်ပြေးသွားသည်ဟု ပြန်လည်ဖြေကြားကြောင်း ရဲစစ်ဆေးချက် မှတ်တမ်းတွင် ဖော်ပြထားသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားသည့် နယ်ခြားစောင့် တပ်ဖွဲ့ဝင် စောပေပေအား အမှတ်(၉၇)ခြေလျင်တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အောင်ဆန်းဝင်း ဦးစီးသည့် တပ်မတော်သား များနှင့် နယ်ခြားစောင့်တပ် အမှတ်(၁၀၂၁)မှ တပ်ဖွဲ့ဝင်များပူးပေါင်း၍ တောနင်းရှာဖွေရာ ဇန်နဝါရီ ၂ ရက် နံနက် ၁၁ နာရီအချိန် ၌ မြဝတီမြို့နှင့် ရှစ်မိုင်ခန့်အကွာအတွင်း မဲကနယ်ကျေးရွာအုပ်စု၊ သေလို့ထော်ဒေသ၊ တောတွင်းနေရာ၌ စောပေပေအား တွေ့ရှိခဲ့ပြီး ကောင်းမွန်စွာ အဖမ်းခံခြင်း မရှိဘဲ ပူးပေါင်းအဖွဲ့အား ၎င်းယူဆောင်သွားသော သေနတ်ဖြင့် ပြန်လည်ပစ်ခတ်သောကြောင့် ပစ်ခတ်ဖမ်းဆီးရာ အသေဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
Eleven Media Group

No comments:
Post a Comment