အိမ်နီးချင်း တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် စီမံကိန်းကြီးများဖြင့် အကြီးအကျယ်ရင်းနှီးမြှုပ်နှံခြင်း၊ ငြိမ်းချမ်းရေးကိစ္စများတွင် ပါဝင်ပတ်သက်နေခြင်း၊ နိုင်ငံတကာမျက်နှာစာအလယ်တွင် ရခိုင်အရေးကြာင့် အခက်ကြုံနေရသော မြန်မာနိုင်ငံကို ခုခံကာကွယ်ပေးခြင်းအပါအဝင် မြန်မာနိုင်ငံအပေါ် တစ်နေ့တခြား သြဇာ သက်ရောက်မှု ကြီးမားလာနေသည်။
ထိုသို့ သြဇာကြီးမားလာနေခြင်းသည် နိုင်ငံတော်၏ အချုပ်အခြာအာဏာကိုပါ ခြိမ်းခြောက်လာသည့် အနေအထားအထိ စွတ်ဖက်လာမှုအဖြစ် ရှုမြင်ပြီး ပြည်တွင်းနိုင်ငံရေးသမားများက စိုးရိမ်ပူပန်နေကြသည်။ လာမည့် ၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံ၏ သြဇာနှင့် စွတ်ဖက်လာနိုင်မှု အနေအထားများနှင့် ပတ်သက်ပြီး ရန်ကုန်ခေတ်သစ်က ပြည်တွင်းနိုင်ငံရေးသမားများကို ဆက်သွယ်မေးမြန်းထားသည်။
ဦးမင်းဇေယျ
ဒုတိယဥက္ကဋ္ဌ၊ ပြည်သူ့ပါတီ
တရုတ်ကိစ္စက ပြည်သူတွေ တစ်ရပ်လုံးသာမက နိုင်ငံတကာပါ စိတ်ဝင်စားစာင့်ကြည်နေတဲ့ ကိစ္စရပ် ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ တရုတ်နိုင်ငံရဲ့ One Belt One Road Project နဲ့ ပတ်သက်ပြီးတော့ ဦးဆောင်ကော်မတီကိုတော့ တရားဝင်ဖွဲ့စည်းပြီးကြောင်း ကြေညာလိုက်တယ်။ ဥက္ကဋ္ဌကတော့ နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တယ်။ ပြောချင်တာက ဒီစီးပွားရေးနဲ့ပတ်သက်ပြီး တရားဝင်စတင်လုပ်ဆောင်တော့မယ်ဆိုရင် ဒါဟာ မီးစိမ်းပြလိုက်တာ သေချာတယ်။ သို့သော် ပြည်သူ့တွေ အဓိကစိုးရိမ်တာက ဒီလောက်ကြီးမားတဲ့ Project ကြီးမှာ ဘယ်လိုအပေးအယူတွေ လုပ်ထားလဲ ၊ ဘယ်လိုကတိကဝတ်တွေ လုပ်ထားလဲ ၊ ဘယ်လိုစာချုပ်တွေ ချုပ်ဆိုထားလဲဆိုတာကို ပွင့်လင်းမြင်သာစွာ မသိရသေးအခါကျတော့ ဒီအပေါ်မှာတော့ တော်တော်လေး စိုးရိမ်မှုရှိကြတယ်။
အမှန်ဆိုရင် ပြည်သူတွေသာမက တိုင်းသိပညာရှင်တွေကလည်း စိတ်ဝင်တစားနဲ့ လေ့လာမေးမြန်း စုံစမ်းနေကြတာတွေ ရှိတယ်။ ဒီလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး တော်တော်ကြီးကြီးမားမားလေးကို ရည်ရွယ်ထားတယ်လို့တော့ သိရတယ်။ သို့သော် ဘယ်လောက် ကြီးမားတယ်ဆိုတာကတော့ အဲဒီအကျိုးသက်ရောက်မှု ဘယ်လောက်အထိ ရှိနိုင်လဲ ၊ အဲဒီအကျိုးသက်ရောက်မှုကလည်း တိုင်းပြည်အတွက် တကယ်အကျိုးရှိမလား ၊ ပြည်သူ့အတွက် တကယ်သေချာတဲ့ အာမခံချက် အကျိုးရှိမလဲ ဆိုတော့ တော်တော်များများက သံသယဝင်နေကြတယ်။
ပြောချင်တာကတော့ နိုင်ငံတော်အတွက် တကယ်လိုအပ်လို့ တကယ်လုပ်ရမယ်ကိစ္စအပေါ်မှာတော့ အပြည့်အဝ ထောက်ခံပြီးသားပဲ။ ဒါပေမယ့် တရုတ်နိုင်ငံက ကျင့်သုံးနေတဲ့ စီးပွားရေးပေါ်လစီတွေ ၊ လုပ်နည်းလုပ်ဟန်တွေ ၊ နောက်ပြီးတော့ တရုတ်နိုင်ငံရဲ့ စီမံခန့်ခွဲမှုပုံစံတွေအပေါ်မှာ ၊ မြန်မာနိုင်ငံအပေါ်မှာကော ၊ တခြားသောနိုင်ငံတွေမှ လုပ်ဆောင်နေတဲ့ တရုတ်နိုင်ငံရဲ့ စီးပွားရေး လုပ်ထုံးလုပ်နည်းအရ စိတ်ပူတယ်။ ရှင်းရှင်းပြောရရင် စိတ်မချဘူးပေါ့ ။ အဲဒီတော့ ပြောချင်တာက အခုဒီလုပ်ငန်းကို လုပ်တော့မယ် ဆိုပြီး ဦးဆောင်အဖွဲ့တောင် ဖွဲ့ပြီးသွားပြီ ။ သို့သော် ခုချိန်အထိ ပွင့်လင်းမြင်သာစွာနဲ့ ဘာတွေ၊ ဘာတွေကိုတော့ ဘယ်လို ဘယ်အချိန် ဘယ်လောက်လုပ်မယ် ဆိုတဲ့ တိကျခိုင်မာတဲ့ သတင်းအချက်အလက်တွေ ၊ ထုတ်ပြန်ချက်တွေ ၊ ကြေညာချက်တွေ မတွေ့ရသေးတဲ့အခါကျတော့ အားလုံးက စိုးရိမ်မှုနဲ့ သို့လောသို့လော ကောလာဟလ ပြန့်နေတာတော့ အများကြီးပဲ။
ပြဿနာက အဲဒါပဲ ။ ပွင့်လင်းမြင်သာစွာ မချပြနိုင်တော့ တိတိကျကျ အခြေအနေတွေ ဆန်းစစ်ဖို့က အခက်အခဲရှိတယ်။ ထူးချွန်တဲ့ စီးပွားရေးပညာရှင်တွေ ၊ အတတ်ပညာရှင်တွေကလည်း ဒီအပေါ်မှာ အလေးအနက်ထားပြီး စောင့်ကြည့်နေကြ ၊ လေ့လာနေတာတော့ သိထားတယ်။
ဒါပေမယ့် သတင်းအချက်အလက် ခိုင်မာမှုနဲ့ ကျယ်ပြန့်မှုတော့ မရှိတဲ့အခါကျတော့ ဒီအပေါ်မှာ အဓိကစိုးရိမ်တာက တရုတ်နိုင်ငံနဲ့ ပတ်သက်တဲ့ စီးပွားရေးဆက်ဆံမှုပုံစံတွေက တဖြည်းဖြည်းနဲ့ နိုင်ငံတော်အဆင့်မှာ တော်တော်များပြားလာတယ်ပေါ့။ များပြားလာတဲ့အပြင် ကြီးမားလာတော့ ဒီအပေါ်မှာ အထူးသဖြင့် တိကျမှုမရှိဘူး။ ခိုင်မာမှုမရှိဘူး ။
နောက်ပြီးတော့ တိုင်းပြည်အတွက် တကယ်သေချာတဲ့ အာမခံချက်မရှိဘူးဆိုရင်တော့ ရေရှည်မှာ အကြွေးနွံ့နစ်တာမျိုး ၊ နောက်ဆုံး အချုပ်အခြာအာဏာကို ထိပါးလာမှာအထိ စိုးရိမ်မှုတွေရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုဆိုရင် ကျေက်ဖြူကနေ တရုတ်ပြည်နယ်စပ်အထိ ရေနံပိုက်လိုင်း ၊ ရထားလမ်းဆောက်ဖို့ ၊ ကားလမ်းတွေ ဖောက်ဖို့ စီမံကိန်းတွေက နည်းတဲ့စီမံကိန်းတွေမဟုတ်ဘူးလေ။ အဲဒီကတစ်ဆင့် မန္တလေး ၊ မန္တလေးကနေ ရန်ကုန်အထိ ဆက်ပြီး စီးပွားရေးစြင်္ကန် ဆိုတဲ့ Project တွေ ၊ အဲ့တာတွေက နှစ်ရှည်လများ လုပ်ရမယ်ဆိုရင် ရင်းနှီးမြှုပ်နှံမှုတွေက ကြီးကြီးမားမားလုပ်ရမယ်။ အချိန်ကလည်း အများကြီးလည်းယူရမယ်။ အဲဒီနေရာမှာ ကိုယ့်ဘက်က ပိုင်နိုင်မှုမရှိဘူး ။ ကိုယ်ဘက်က အကျိုးစီးပွားအတွက်ကို ဖော်ထုတ်တာတို့ ၊ ကာကွယ်တာတို့ မလုပ်နိုင်ဘူးဆိုရင် တစ်ချိန်ချိန်မှတော့ နိုင်ငံရဲ့ စီးပွားဖွံ့ဖြိုးတိုးတက်မှုကို မပြောနိုင်တဲ့အပြင် အချုပ်အခြာအာဏာကို ထိပါးလာမှာကို စိုးရိမ်တဲ့အထိ တွေးပူနေတဲ့ လေ့လာတဲ့သူတွေက သုံးသပ်နေတာ ရှိနေကြတော့ ကောင်းသောအကျိုးအတွက် ကောင်းသောလုပ်ရပ်အတွက် ၊ ကောင်းသော မျှော်လင့်ချက်ထားပေမယ့်လည်း စိုးရိမ်မှုတော့ ရှိနေတာတော့ အမှန်ပဲ။
ဦးမြအေး
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်
ကျနော်တို့က တရုတ်တို့နဲ့ အိမ်နီးချင်းဖစ်တာကြောင့်မို့ တရုတ်နဲ့ သင့်တင်စွာနေထိုင်ဖို့က ကျနော်တို့ နိုင်ငံက အဲဒီလိုပဲ လက်ခံတယ်။ ဒါပေမဲ့ စီးပွားရေးကိစ္စမှာ တရုတ်နိုင်ငံမှာတစ်ခုတည်း အပေါ်မှာ၊ တရုတ်နိုင်ငံတစ်ခုတည်းမှာ အရမ်းမှီခိုအားထားနေတာတော့ မရောက်စေချင်ဘူး။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ပြဿနာတွေ ပြန်ကြည့်ရင် ကြေးနီတောင် ၊ လက်ပံတောင်းစီမံကိန်းကအစ ၊ ဧရာဝတီမြစ်ဆုံစီမံကိန်း ကျနော်တို့ တရုတ်နဲ့ ပြဿနာတွေ၊ မဖြေရှင်းနိုင်သေးတဲ့ ပြဿနာတွေ အများကြီးရှိနေသေးတယ်လို့ မြင်တယ်။
နောက်တစ်ခုက တရုတ်နိုင်ငံ ကုမ္ပဏီတစ်ခုရဲ့ ကျင့်ဝတ်တိုင်းမှာ ၊ တရုတ်နိုင်ငံရဲ့ ကျင့်ဝတ်က ကျနော်တို့အတွက်တော့ မေးခွန်းထုတ်စရာတွေ အများကြီးပဲရှိနေပါတယ်။ အခြေခံအားဖြင့် ပြောမယ်ဆိုရင် တရုတ်နိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တာကြောင့် ပြေလည်အောင်ဆက်ဆံရမယ်။ တရုတ်နိုင်ငံရဲ့ ကြွယ်ဝချမ်းသာမှုဟာ ကျနော်တို့နိုင်ငံအတွက် အရင်းအနှီးတစ်ခုဖြစ်လာအောင် ကြိုးစားရမယ် ဆိုတာ မှန်တယ်။ သို့သော် သူကို check & balance လုပ်ဖို့ ၊ ကျနော်တို့ အနောက်နိုင်ငံတွေကလည်း ကောင်းမွန်တဲ့ စီးပွားရေးဆက်ဆံမှု ၊ နိုင်ငံရေးဆက်ဆံမှုတွေရှိဖို့ လိုအပ်တယ်လို့ သုံးသပ်ချင်တယ်။
ကျနော်တို့ရဲ့ နိုင်ငံရေးအခြေအနေနဲ့လည်း မူတည်တယ်လို့ထင်မိတယ်။ တစ်ခုရှိတာက သူတို့က တစ်လျှောက်လုံး၊ ပြီးခဲ့တဲ့ စစ်အစိုးရတစ်လျှောက်လုံး သူတို့ရဲ့ကူညီဖေးမမှု ယူခဲ့ရတယ်။ ကျနော်တို့ ပြန်ပေးရတဲ့ဟာတွေလည်း အများကြီးပဲ။ အဲ့ဒီအခြေအနေကိုလည်း မျက်ခြည်မပြတ်စေချင်ဘူး။ သတိထားပြီးတော့ ဆက်ဆံသင့်တယ်လို့ ကျနော်တို့က မြင်မိတယ်.။
ဦးစိုင်းလိတ်
ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ်
အခုလက်ရှိ အစိုးရအနေနဲ့ သူရဲ့ နိုင်ငံတကာဖိအား ၊ သူရဲ့လက်ရှိရပ်တည်မှု အနေအထားဆိုရင် တရုတ်ပြည်မကြီးကို လွန်ဆန်နိုင်တဲ့ အနေအထားမရှိဘူး။ အဲဒါကြောင့်မို့ ပထဝီအနေအထားအရ အခုအစိုးရအနေနဲ့ မချစ်သော်လည်း အောင့်ကာနမ်း ၊ ဘယ်လိုဖြစ်ဖြစ် ပူးပေါင်းဆောင်ရွက်ရမှာပဲ။ ဒါပေမယ့် အဲဒီလိုလုပ်ဆောင်တဲ့အပေါ်မှာ ကိုယ်တိုင်းရင်းသားပြည်သူလူထုကို ပွင့်လင်းမြင်သာမှု ရှိ စွာ အရင်ချပြပြီးမှသာ ရှင်းလင်းတင်ပြပြီးမှ လူထုရဲ့သဘောတူညီချက်နဲ့ပဲ လုပ်ဆောင်သင့်တယ်။ အဲဒီလို မဟုတ်ဘဲနဲ့ နိုင်ငံတကာ ဖိအား၊ ကိုယ်ရဲ့ အိမ်နီးချင်းနိုင်ငံတစ်ခုကို၊ ကိုယ်ရဲ့ စီးပွားရေးတစ်ခုလုံးကြီးကို ရင်းလိုက်တာကကော မဖြစ်သင့် မဖြစ်အပ်ဘူးလို့ မြင်တယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် နိုင်ငံတစ်ခုလုံး တိုင်းရင်းသား ပြည်သူ့လူထုတစ်ရပ်လုံးနဲ့သက်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းဖြစ်တာကြောင့်မို့ လူထုရဲ့သဘောထားကိုရယူပြီး ဆောင်ရွက်မှာတာ နောက်ကြုံတွေ့လာမယ့်အရေးတွေကို ရင်ဆိုင်ဖြေရှင်းလိမ့်မယ်လို့ မြင်မိတယ်။
စစ်အစိုးရလက်ထက်မှာ တရုတ်နဲ့ ပတ်သက်ပြီး လုပ်ဆောင်တဲ့ ကိစ္စတွေက လုံးဝကို လူထုမသိရဘူး။ ပွင့်လင်းမြင်သာမှု လုံးဝမရှိဘူး ။ အခုနောက်ပိုင်း NLD အစိုးရ တက်လာတဲ့အခါမှာ ထိုနည်းလည်းကောင်းပဲ။ ဆက်လက်ပြီးတော့ တရုတ်နဲ့ပူးပေါင်းပြီးတော့ လုပ်ဆောင်တာတွေ အများအပြား လုပ်နေတာတွေ ရှိတယ်။ လုပ်လက်စအလုပ်တွေ ဆက်လုပ်ပြီး လက်တွဲလုပ်တာတွေ ရှိတယ်။ ဘာပဲဖြစ်ဖြစ် လူထုအနေနဲ့ ပွင့်လင်းမြင်သာစွာ သိဖို့ဆိုတဲ့ အနေအထားမျိုးတော့ လုံးဝမရှိသေးဘူး။ လွှတ်တော်မှာတောင် အစိုးရကိုယ်တိုင်ကနေ ချပြမှသိရတဲ့အနေအထားမျိုးလို့ သုံးသပ်မယ်။ အဲဒီတော့ ဒီပုံစံအတိုင်း ဆက်ပြီးသွားမယ်ဆိုရင်တော့ လူထုရဲ့ယုံကြည်မှု တစ်နေ့တခြား ကင်းမဲ့လာတယ်လို့ ထင်မိတယ်။

နန့်အိသူ/ရန်ကုန်ခေတ်သစ်
Khit Thit Media

0 comments:
Post a Comment