Wednesday, January 2, 2019

စစ်ရှောင်များကို အတင်းအကျပ် နေရပ်ပြန်မပို့ဟု တပ်မတော်ပြော


တပ်မတော်အနေနှင့် စစ်ရှောင်ဒုက္ခသည်စခန်းမှ ဒုက္ခသည်များထဲမှ နေရပ်ပြန်လိုသူများကို နေရပ်ပြန်ရေး ကူညီသွားမည်ဖြစ်ပြီး အတင်းအကျပ် နေရပ်ပြန်ပို့မည် မဟုတ်ကြောင်း အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းထွဋ်လေးက The Voice ပြောကြားသည်။ 
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ ဒုက္ခသည်စခန်းများမှ ဒုက္ခသည်များကို နေရပ်ပြန်ရန် ညွှန်ကြားမှုများရှိနေကြောင်း သတင်းများ ထွက်ပေါ်နေပြီး အဆိုပါကိစ္စနှင့်ပတ်သတ်၍ ဆက်သွယ်မေးမြန်းရာ၌ ၎င်းက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။ 

အဆိုပါ ဒုက္ခသည်စခန်းများသို့ တပ်မတော် အရာရှိများအနေနှင့် ပြီးခဲ့သည့်ရက်ပိုင်းက သွားရောက်ကာ နေရပ်ပြန်လိုသည့် ဒုက္ခသည်များ ပြန်လိုပါက ခရီးနှင့် လုံခြုံရေး အခြေအနေများ ကူညီပေးမည်ဖြစ်ပြီး တိုက်ပွဲများ မရှိတော့သဖြင့် နေရပ်ပြန်လိုက ပြန်နိုင်ကြောင်းကို ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်မှူးကြီး ဝင်းထွဋ်လေးက ပြောဆိုသည်။ 

“တိုက်ပွဲတွေလည်း မရှိတော့တဲ့အတွက် နေရပ်ပြန်ချင်တဲ့သူတွေအတွက် ကားတို့ လိုအပ်တာတို့ အကူအညီပေးမယ့်အကြောင်း ပြန်လိုတဲ့ဆန္ဒ ရှိ၊ မရှိကို မေးမြန်းခဲ့တာပါ။ နေရပ်ပြန်ရမယ်ဆိုပြီး ညွှန်ကြားခဲ့တာမရှိပါဘူး”ဟု ၎င်းကဆိုသည်။ 

ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်းက ကွတ်ခိုင်အခြေစိုက် ဒုက္ခသည်စခန်းများကို ဒေသအခြေစိုက်တပ်ရင်း တာဝန်ရှိသူများ လာရောက်ကာ နေရပ်ပြန်လိုသည့်စာရင်းများ တောင်းယူမှုများ ပြုလုပ်ခဲ့ကြောင်း အဆိုပါ ဒုက္ခသည် စခန်းတစ်ခုမှ တာဝန်ခံ တစ်ဦးကဆိုသည်။ 

ဒုက္ခသည်များအနေနှင့် နေရပ်များကို ပြန်၊ မပြန်ကို ဆုံးဖြတ်နိုင်ခြင်း မရှိကြသေးဘဲ တိုက်ပွဲများ အမှန်တကယ် မရှိတော့သည့် အခြေအနေ ဟုတ်၊ မဟုတ်ကို စောင့်ကြည့်နေကြကြောင်း ၎င်းက ဆိုသည်။ 


၂၀၁၈ ဇန်နဝါရီလမှစတင်၍ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တွင် လူဦးရေ ၃၂,၀၀၀ ကျော် ယာယီနေရပ် စွန့်ခွာတိမ်းရှောင်ရမှုများ ရှိခဲ့ပြီး ၂၀၁၇ ခုနှစ် အလားတူ ကာလများအတွင်း နေရပ်စွန့်ခွာရသည့် လူဦးရေနှင့်နှိုင်းယှဉ်ပါက နှစ်ဆကျော် ပိုမိုများပြားလာသည်ကို တွေ့ရှိရကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိုနှိုင်းရေးရုံး UNOCHA က ထုတ်ပြန်ထားသည်။

The Voice 


No comments:

Post a Comment