Tuesday, January 1, 2019

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို တန်းတူအခွင့်အရေးပေးထား


မြန်မာနိုင်ငံမှာ လက်ရှိဆောင်ရွက်နေတဲ့ စီးပွားရေးမူဝါဒဟာ လာရောက်ရင်းနှီးမြှုပ်နှံတဲ့ လုပ်ငန်းရှင်တွေအားလုံးကို တစ်ပြေးညီ အခွင့်အရေးပေးပြီး ဆောင်ရွက်နေတာ ဖြစ်တယ်လို့ ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။ 
ဇန်န၀ါရီ(၁)ရက်က ရန်ကုန်မြို့၊ Lottee Hotel မှာ ကျင်းပတဲ့ မြန်မာနိုင်ငံ တရုတ်ကုန်သည်ကြီးများအသင်း နှစ်(၁၁၀)ပြည့် အထိန်းအမှတ်အခမ်းအနားမှာ ဦးဖြိုးမင်းသိန်းကပြောကြားခဲ့တာပါ။ ဒါ့အပြင် နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် နိုင်ငံသားအားလုံး ကြိုးစားကြ ရမှာဖြစ်ပြီး မြန်မာနိုင်ငံတရုတ်ကုန်သည်ကြီးများအသင်းကလည်း အဓိကကျတဲ့ မဏ္ဍိုင်တစ်ခုမှာရှိနေတယ်လို့ ဦးဖြိုးမင်းသိန်းက ပြောပါတယ်။ မြန်မာနိုင်ငံ တရုတ်ကုန်သည်ကြီးများအသင်းမှာ ကုန်သည်ကြီးပေါင်း (၁၈၀၀)လောက်ရှိပြီး ဆောက်လုပ်ရေး လုပ်ငန်း၊ ပဲလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ ကုန်သွယ်ရေးလုပ်ငန်း၊ အထည်ချုပ်လုပ်ငန်းစတဲ့ လုပ်ငန်းပေါင်းစုံကို နိုင်ငံတော်နဲ့ လက်တွဲပြီး လုပ်ကိုင်နေတယ်လို့ မြန်မာနိုင်ငံ တရုတ်ကုန်သည် ကြီးများအသင်းဥက္ကဋ္ဌ ဦးမြင့်ဆွေက ပြောပါတယ်။ 

မြန်မာနိုင်ငံက လုပ်ငန်းရှင်တွေဟာ ခေတ်စနစ်အမျိုးမျိုးရဲ့ ပြောင်းလဲ လာတဲ့ အခြေအနေတွေပေါ်မှာ ရုန်းကန်လှုပ်ရှားနေကြရပြီး (၂၀၁၀)နောက်ပိုင်းမှာတော့ နိုင်ငံတော်အစိုးရပိုင်းကနေ ဈေးကွက် စီးပွားရေးနဲ့ ပုဂ္ဂလိကကဏ္ဍရဲ့ ဖွံ့ဖြိုးတိုးတက်ရေး ပိုမိုအားကောင်း အောင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါတယ်။ ဒီအချိန်ကာလမှာ မြန်မာနိုင်ငံဖွားတရုတ်မျိုးနွယ်တွေရဲ့ စီးပွားရေးကဏ္ဍနယ်ပယ် တွေဟာ ပိုမိုဖွံ့ဖြိုးတိုးတက်လာတာကိုတွေ့ရပြီး မြန်မာနိုင်ငံသား အားလုံးရဲ့ ကြိုးပမ်းဆောင်ရွက်မှုဟာ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး အတွက်များစွာ အရေးကြီးတယ်လို့လည်း ဦးဖြိုးမင်းသိန်းက ပြောကြား ခဲ့ပါတယ်။ 
  


သတင်း- ထက်အောင်လှိုင်
One News Myanmar 

No comments:

Post a Comment