ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်းသို့ ရောက်ရှိနေသည့် စစ်ဘေးရှောင်များထဲမှ တချို့တို့မှာ မူလနေရပ် ကျေးရွာများသို့ ပြန်လည်သွားရောက်ခဲ့ကြပြီဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါစစ်ဘေးရှောင်များမှာ ကျောက်တော်မြို့နယ် ယိုးချောင်းအထက်ပိုင်းရှိ တောင်မင်းကုလားကျေးရွာသို့ရောက်ရှိ နေကြသူများဖြစ်ပြီး အိမ်ထောင်စု ၇၁ တို့မှာ ပြီးခဲ့သည့် ဒီဇင်ဘာ ၃၁ ရက်နေ့က ပြန်လည်သွားရောက်ခဲ့ကြခြင်းဖြစ်ကြောင်း ကျောက်တော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသီဟဇော်က ပြောသည်။
“စစ်ဘေးရှောင်တွေက အသစ်ရောက်လာတဲ့သူတွေရှိသလို ပြန်ကြတဲ့သူတွေလည်းရှိပါတယ်။ တောင်မင်းကုလားရွာကို ရောက်နေတဲ့သူတွေထဲက အိမ်ထောင်စု ၇၁ စု၊ လူဦးရေ ၃၀၀ ပြန်သွားပြီ။ အကုန်လုံးတော့မဟုတ်ဘူး။ အိမ်ထောင်းစု ၁၃၀၊ လူဦးရေ ၆၀၈ ဦးကျန်ပါတယ်။”ဟု ဦးသီဟဇော်က ပြောသည်။
ကျေးရွာသားများမှာ ဒေသတွင်းတိုက်ပွဲများဖြစ်ပွားမှု နည်းပါးသွားခဲ့ပြီး အလုပ်အကိုင်များပြန်လည်လုပ်ကိုင်နိုင်ရန် နှင့် မိမိတို့၏ပိုင်ဆိုင်သည့် ကျွဲနွားများအား ထိန်းသိမ်းစောင့်ရှောက်မှုများ ပြုလုပ်နိုင်ရန် ပြန်လည်သွားရောက်ခဲ့ကြခြင်း ဖြစ်သည်။
“တစ်မြို့နယ်လုံးအတိုင်းအတာဆိုလို့ရှိရင် လက်ရှိအိမ်ထောင်စု ၃၉၀၊ လူဦးရေ ၁၇၆၀ ရှိနေပါတယ်။ သူတို့ကိုတော့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီက ဆန် ၄၅ အိမ်၊ နောက်ပြီးတော့ မြန်မာနိုင်ငံကြက်ခြေနီအသင်းထောက်ပံ့ပေးထားတယ်။ ပြီးတော့ အဝတ်အထည်တွေ၊ စောင်တွေ၊ ဆန်တွေထောက်ပံ့ပေးထားပါတယ်။”ဟု ဆက်လက်ပြောကြားသည်။
ထို့အပြင် ကျောက်တော်မြို့နယ်အတွင်းမှာ ဒီဇင်ဘာ ၃၀ ရက်နေ့က ထွက်ပြေးလာခဲ့ကြသူ ၃၀၀ ကျော်ရှိနေပြီး ၎င်းတို့မှာ ဝါးတောင်ကျေးရွာတွင် ခိုလှုံလျှက်ရှိသည်။
The Fifth Wave News

No comments:
Post a Comment