အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် ဒုတိယအကြိမ်မြောက်တွေ့ဆုံမည့် ထိပ်သီးအစည်းအဝေးအတွက် ပြင်ဆင်မှုများပြုလုပ်ရန် မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန်က ညွှန်ကြားလိုက်ပြီဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းဌာန ကေစီအင်န်အေက ဇန်နဝါရီ ၂၄ ရက်တွင်ဖော်ပြခဲ့သည်။
ကင်သည် ထရမ့်နှင့် တွေ့ဆုံလိုကြောင်း ထုတ်ဖော်လိုက်သော်လည်း နှစ်နိုင်ငံသည် အဓိကကိစ္စရပ်များနှင့်ပတ်သက်၍ သဘောတူညီမှုမရရှိသေးချေ။ ကင်သည် နျူလက်နက်ဖျက်သိမ်းရေးအတွက် မည်ကဲ့သို့ထိရောက်စွာဆောင်ရွက်မည်နှင့် ကင်က ယင်းကဲ့သို့ ဆောင်ရွက်ပေးပါက ထရမ့်က မည်ကဲ့သို့ ပြန်လည်ထောက်ပံ့ပေးမည်တို့နှင့်ပတ်သက်၍ သဘောကွဲလွဲနေဆဲဖြစ်သည်။
လွန်ခဲ့သောအပတ်တွင် မြောက်ကိုရီးယားအထူးကိုယ်စားလှယ် ကင်ယွန်ချိုသည် ထရမ့်နှင့် ဝါရှင်တန်တွင် တွေ့ဆုံခဲ့သည်။ ထရမ့် ပေးအပ်လိုက်သော ပေးစာကို ကင်ယွန်ချိုမှတစ်ဆင့် မြောက်ကိုရီးယားခေါင်းဆောင် လက်ခံရရှိခဲ့ကြောင်း ကေစီအင်န်အေက ဖော်ပြခဲ့သည်။ ၎င်းနှင့် ကင်ဂျုံအွန်တို့သည် ဖေဖော်ဝါရီလအကုန်ပိုင်းလောက်တွင် တွေ့ဆုံနိုင်ကြောင်း ထရမ့်က ပြောဆိုခဲ့ပြီးဖြစ်သည်။
ကင်သည် ထရမ့်နှင့် ၎င်း၏ကိုယ်စားလှယ်တို့ တွေ့ဆုံမှုနှင့်ပတ်သက်၍ အလွန်အမင်းကျေနပ်ကြောင်း ပြောဆိုခဲ့ပြီး သတင်းဌာနကဖော်ပြခဲ့သည်။ အမေရိကန်အစိုးရသည် ဒုတိယအကြိမ်ထိပ်သီးတွေ့ဆုံပွဲတွင် လိပ်ခဲတည်းလည်းဖြစ်နေသည့် ကိစ္စရပ်များကိုဖြေရှင်းရန် စိတ်ဓာတ်ပြတ်သားနေကြောင်း ကင်ကပြောဆိုခဲ့သည်။
နှစ်နိုင်ငံလိုလားသော ရလဒ်ထွက်လာရေးအတွက် အမေရိကန်နှင့်လက်တွဲပြီး ၎င်းတို့သည် တစ်ဆင့်ချင်းတစ်ဆင့်ချင်းကို သည်းခံမှု၊ စိတ်စေတနာအပြည်ဖြင့် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ကင်က ပြောဆိုခဲ့သည်ဟု ကေစီအင်န်အေက ဖော်ပြခဲ့သည်။
ကင်နှင့် ထရမ့်တို့ ယမန်နှစ် ဇွန်တွင် စင်ကာပူ၌ တွေ့ဆုံပြီးချိန်မှစ၍ နျူလက်နက်ဆိုင်ရာဆွေးနွေးမှုများ ရပ်ဆိုင်းနေခဲ့သည်။ ကင်က နျူလက်နက်ဖျက်သိမ်းပေးမည်ဖြစ်ကြောင်း ကတိပြုခဲ့ပြီး အပြန်အလှန်အဖြစ် တောင်ကိုရီးယားတွင် တပ်စွဲထားသည့် အမေရိကန်တပ်သား ၂၈၅၀ဝ ကို ရုပ်သိမ်းပေးရန် တောင်းဆိုခဲ့သည်။ အမေရိကန်ပြည်ထောင်စုနှင့် မြောက်ကိုရီးယားတို့သည် ဆက်ဆံရေးသစ်တည်ဆောက်ပြီး ကိုရီးယားကျွန်းဆွယ်၌ ရေရှည်တည်မြဲသည့် ငြိမ်းချမ်းရေးပေါ်ပေါက်စေရန် ကြိုးပမ်းမည်ဖြစ်ကြောင်း စင်ကာပူတွေ့ဆုံသဘောတူစာချုပ်တွင်ဖော်ပြထားသည်။
ဒုတိယတွေ့ဆုံပွဲတွင် ကင်သည် အမေရိကန်ပြည်ထောင်စုဘက်သို့ ချိန်ရွယ်ထယားသည့် တာဝေးပစ်ဒုံးကျည်များကို ရုပ်သိမ်းပေးမည်ဖြစ်ကြောင်း ကတိပြုနိုင်ခြေရှိနေသည်။ သို့သော် တောင်ကိုရီးယားနှင့် ဂျပန်သည် မြောက်ကိုရီးယားမှ တာလတ်နှင့် တာတိုပစ်ဒုံးကျည်များကျရောက်နိုင်သည့် အဝန်းအဝိုင်းတွင်းရှိနေသောကြောင့် ယင်းနှစ်နိုင်ငံက ကန့်ကွက်နိုင်ခြေရှိနေပြန်သည်။ အပြန်အလှန်အဖြစ် ကင်သည် နိုင်ငံအပေါ် ချမှတ်ထားသည့် ကုလ၏ပိတ်ဆို့မှုများကို ရုပ်သိမ်းပေးစေလိုနေသည်။ ဒုတိယအကြိမ်တွေ့ဆုံပွဲကို ဗီယက်နမ်တွင် ပြုလုပ်နိုင်ခြေရှိနေကြောင်း သုံးသပ်မှုများရှိနေသည်။
The Myanmar Times

No comments:
Post a Comment