Monday, January 28, 2019

ဝန်ကြီးဌာနတစ်ခု တိုးချဲ့ဖွဲ့စည်းမယ့်ကိစ္စ ကချင်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်


ကချင်ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးဌာနတစ်ခု တိုးချဲ့ဖွဲ့စည်းရေးနဲ့ပတ်သက်လို့ ပြည်နယ်လွှတ်တော်မှာ ဒီနေ့ မဲခွဲဆုံးဖြတ်ရာ ရှုံးနိမ့်သွားပါတယ်။ 
မဲပေးပိုင်ခွင့်ရှိသူ ၄၆ ဦးထဲမှာ ထောက်ခံသူ ၁၈ ဦး၊ ကန့်ကွက်သူ ၂၈ ဦးရှိတဲ့အတွက် ၀န်ကြီးဌာနတစ်ခု တိုးချဲ့ဖွဲ့စည်းဖို့ကိစ္စ ပျက်သွားတာဖြစ်ပါတယ်။ 

လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နဲ့ စက်မှုလက်မှု ၀န်ကြီးဌာနကို လမ်းပန်းဆက်သွယ်ရေး ၀န်ကြီးဌာနနဲ့ လျှပ်စစ်နဲ့ စက်မှုလက်မှုဝန်ကြီးဌာနအဖြစ် သီးခြားစီ ဖွဲ့စည်းဖို့ သမ္မတက ပေးပို့လာတဲ့ သ၀ဏ်လွှာအပေါ်မှာ ကန့်ကွက်သူ ၂ ဦး ရှိတာကြောင့် မဲခွဲဆုံးဖြတ်ခဲ့တာပါ။ 

တဆက်တည်းမှာပဲ ပြည်နယ်အစိုးရအဖွဲ့မှာ လစ်လပ်နေတဲ့ ၀န်ကြီး ၃ ဦး နေရာမှာ အစားထိုးခန့်အပ်မယ့် ၀န်ကြီးအသစ်တွေရဲ့ အမည်စာရင်းကိုလည်း တင်သွင်းခဲ့ပါတယ်။ 

စိုက်ပျိုးမွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးအဖြစ် ဦးကျော်ကျော်ဝင်း၊ လူမှုရေးဝန်ကြီးအဖြစ် အရင်က စည်ပင်သာယာရေးဝန်ကြီး ဦးနေ၀င်း၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးအဖြစ် ဦးဒါရှီလဆိုင်း၊ စည်ပင်သာယာရေးဝန်ကြီးနေရာမှာတော့ ဦးနော်လီ တို့ကို အမည်စာရင်း တင်သွင်းတာဖြစ်ပါတယ်။ 

ဝန်ကြီးတွေအဖြစ် အမည်စာရင်း တင်သွင်းခံရသူတွေဟာ NLD ပါတီ ရဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေပဲ ဖြစ်ပါတယ်။ 

ဒီအမည်စာရင်းတင်သွင်းခံရသူတွေနဲ့ ပတ်သက်လို့ ကန့်ကွက်လိုသူတွေဟာ ဒီနေ့မှာ အမည်စာရင်းတင်သွင်းရမှာဖြစ်ပြီး မနက်ဖြန် ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ ဆွေးနွေးရမှာဖြစ်ပါတယ်။

RFA

No comments:

Post a Comment