ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ထဲမှာ လုံခြုံရေးဆောင်ရွက်နေတဲ့ နယ်ခြား စောင့်ရဲတပ်ဖွဲ့ကို ရက္ခိုင့်တပ်မတော် (အေအေ)အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ရဲတပ်သားတဦး အပြင်းအထန် ဒဏ်ရာရသွားတယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပါတယ်။
ဇန်နဝါရီ ၁ရက် မနက် ၉ နာရီခွဲလောက်က ရသေ့တောင်-ဘူးသီးတောင်သွား ကားလမ်းမှာ လုံခြုံရေးဆောင်ရွက်နေတဲ့ အမှတ်(၈)နယ်ခြားစောင့်ရဲတပ်ဖွဲ့က တပ်ခွဲတခွဲဟာ စေတောင်ရွာ ဘုန်းကြီးကျောင်းမှာ ခေတ္တနားနေစဉ် အေအေအဖွဲ့ အင်အား ၃၀ လောက်က လက်နက်ကြီး ငယ်တွေနဲ့ စတင်ပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဆယ်မိနစ်လောက်နှစ်ဖက်အပြန် အလှန်ပစ်ခတ်ခဲ့ပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ရဲတပ်သားတဦး ယာဘက်ရင်အုံမှာ လက်နက်ငယ်ကျည်ဆန်ဖောက်ဝင်ဒဏ်ရာ (စိုးရိမ်ရ)ရရှိခဲ့ပြီး ရွာသားတွေကတော့ ထိခိုက်ဒဏ်ရာရတာမရှိခဲ့ဖူးလို့ ရဲဇာနည်သတင်းမှာ ဖော်ပြပါတယ်။
ဘူးသီးတောင်မြို့နယ်၊ စေတောင်နဲ့ ကန်ပြင်အကြားမှာ ဇန်နဝါရီ ၁ရက်၊ မနက် ၉ နာရီ ၂၇မိနစ်က ဇန်နဝါရီလရဲ့ ပထမဆုံးတိုက်ပွဲဖြစ်ပွား ခဲ့တယ်လို့ ရက္ခိုင့်တပ်မတော်(အေအေ) ပြန်ကြားရေးကလည်း သတင်း ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ကျောက်တော်မြို့နယ်၊ သလူချောင်းရွာ၊အရှေ့ဘက်ကမ်းမှာလည်း မနေ့မနက် ၁၁နာရီလောက်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံရွာ သားတွေကတော့ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင် ခိုလှုံနေကြရပါတယ်။
DVB

No comments:
Post a Comment