ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ် (အရှေ့ပိုင်း)တာချီလိတ်တွင် ဇန်နဝါရီ ၄ ရက်က မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း တာချီလိတ်မြို့ မူးယစ်တပ်ဖွဲ့စု (၃၀) ထံမှ သိရသည်။
အဆိုပါနေ့ရက် မွန်းတည့် ၁၂ နာရီ ခန့်က ကျိုင်းတုံ-တာချီလိတ်လမ်း တောင်သုံးလုံးရွာအနီးတွင် ဆိုင်ကယ်စီး အမျိုးသားတစ်ဦးထံမှ ကျပ်သိန်း ၈၀ ခန့်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၈၀၀၀ ခန့်ဖမ်းဆီးရမိခဲ့ပြီး မွန်းလွဲ ၂ နာရီခန့်တွင် ဆန်းလုရွာအနီး ရော်ဘာခြံတစ်ခု၌ ဆိုင်ကယ်စီး အမျိုးသားတစ်ဦးထံမှ ပစ္စတိုသေနတ်တစ်လက်နှင့် ကျည် ၇ တောင့် ဖမ်းဆီးရမိခဲ့ကြောင်း ကျိုင်းတုံမြို့ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
“မူးယစ်ဆေးဝါးနဲ့အတူ ဖမ်းမိတဲ့ ကောင်လေးရဲ့ ဖော်ထုတ်ချက်အရ သူဝယ်ယူခဲ့တယ်ဆိုတဲ့ ရော်ဘာခြံထဲက တရားခံကို သွားဖမ်းချိန်မှာ လမ်းမှာသေနတ်သမားကို ဖမ်းမိခဲ့တာ။ ကွင်းဆက်တရားခံအိမ်ကိုရှာတော့ မူးယစ်ဆေးဝါးမတွေ့သလို လူလည်းမတွေ့တော့ဘူး”ဟု ၎င်းက ရှင်းပြသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် လော်ကော်(၃၄ နှစ်)ကို မူး/စိတ်ပုဒ်မ ၁၉ (က) ဖြင့် အရေးယူထားပြီး လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိသည့် အိုက်န(ခ)အားန(၄၅ နှစ်)ကို ၁၂ (က) ဖြင့် အရေးယူထားကြောင်း တာချီလိတ်မြို့မရဲစခန်းထံမှ သိရသည်။

The Voice
No comments:
Post a Comment