Wednesday, January 23, 2019

နိုင်ငံတကာမှ ကားဈေးကွက်ကို ရန်ကုန်တွင် ထူထောင်ချင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း ပြော


ကားရောင်းမည့်သူများနှင့် ဝယ်မည့်သူများ ရန်ကုန်ကိုလာရောက်ပြီး အလွယ်တကူဖြင့် တင်သွင်းရောင်းချ၍ရမည့် နိုင်ငံတကာ ကားဈေးကွက်ကို ရန်ကုန်တွင် ထူထောင်ချင်ကြောင်း ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း ကပြောသည်။ 
ဇန်နဝါရီလ (၂၃) ရက် နံနက်(၉) နာရီတွင် ကျင်းပခဲ့သော ၂၀၁၉ ခုနှစ်၊ ပထမအကြိမ် ရန်ကုန်အပြည်ပြည်ဆိုင်ရာ မော်တော် ယာဉ်ပြပွဲ ( The 1st Yangon International Motor Show 2019) ဖွင့်ပွဲ အခမ်းအနား တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ 

“နိုင်ငံတကာပွဲတွေကို ရန်ကုန်မှာ ပြပွဲအဖြစ် ဆောင်ရွက်ခြင်းအားဖြင့် ရောင်းမယ့်သူတွေရော၊ ဝယ်မယ့်သူတွေရော ရန်ကုန်ကို လာရောက်ပြီး လွယ်လွယ်ကူကူနဲ့ တင်သွင်းရောင်းချ ဝယ်ယူလို့ရတဲ့ ဈေးကွက်ကို ထူထောင်ချင်ပါတယ်။ ဒီနေရာမှာ မြန်မာနိုင် ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံမယ်ဆိုရင် မော်တော်ကား ထုတ်လုပ်သူတွေအတွက် အခွင့်အလမ်းတွေကို တိုးမြှင့်ပေးနိုင်ဖို့၊ နည်း ပညာတွေ မြန်မာနိုင်ငံကို ရောက်လာနိုင်ဖို့နဲ့ မြန်မာနိုင်ငံမှာရှိတဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကို ဖန်တီးပေးပြီး မြန်မာနိုင်ငံရဲ့ လုပ်သားတွေရဲ့စွမ်းရည်ကို မြှုင့်တင်ပေးနိုင်ဖို့ ကြိုးပမ်း ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်” ဟု ဦးဖြိုးမင်းသိန်း ကပြောသည်။ 

မြန်မာပြည်တွင် မော်တော်ကားဈေးကွက် ကျယ်ပြန့်လာစေရန် အလားအလာကောင်း များစွာရှိပြီးကားသစ်များကို သုံးစွဲနိုင် စေ ရန်နှင့် ရန်ကုန်နံပါတ် ကားလိုင်စင်များကိုလည်း ကိုယ်ပိုင်စနစ်ဖြင့် ထုတ်ပေးနိုင်ရန် အစိုးရက မူဝါဒများ ချမှတ်၍ ပြင်ဆင်ဆောင် ရွက်နေကြောင်း ၎င်းကပြောသည်။ 

မော်တော်ကားတင်သွင်း ရောင်းချမှုများကို လွယ်ကူချောမွေ့ နိုင်စေရန်နှင့် မြန်မာပြည်တွင် ထုတ်လုပ်သည့် ကားများအတွက် အခွင့်အလမ်းကောင်းများစွာကို ပေးနိုင်ရန် ပြင်ဆင်ဆောင်ရွက်နေကြောင်းလည်း ဦးဖြိုးမင်းသိန်း ကပြောသည်။ 


မော်တော်ယာဉ်ပြပွဲကို GPI Myanmar Co., Ltd နှင့် မြန်မာနိုင်ငံ Automotive အသင်း(AAM)တို့က ပူး ပေါင်း စီစဉ်ကျင်း ပခြင်းဖြစ်ပြီး၊ မော်တော်ယာဉ်ပြပွဲမှာ BMW၊ Toyota ၊ Suzuki ၊ Ford ၊ DFM ၊ Scania အစရှိသည့် နိုင်ငံတကာ နာမည်ကြီး အမှတ်တံဆိပ်များ ပါဝင်ကာ ဇန်န၀ါရီလ (၂၃)ရက်နေ့မှ (၂၇)ရက်နေ့အထိ ပြသသွား မည်ဖြစ်ကြောင်း သိရသည်။ 

ချမ်းငြိမ်း(အကုန်သိ သတင်းဌာန)      

0 comments:

Post a Comment