Thursday, January 24, 2019

မသမာမှုများရှိနေသဖြင့် အွန်လိုင်းက ယာဉ်စစ်ရက်ချိန်းယူသည့်စနစ် ဖျက်သိမ်း


ယာဉ်စစ်ဆေးလိုတဲ့ ယာဉ်ပိုင်ရှင်တွေထံကနေ မသမာသူလူတစုက မမှန်မကန်ပြုလုပ်ငွေ တောင်းခံမှုရှိနေလို့ အွန်လိုင်းကနေ ကြိုတင်ရက်ချိန်းယူရတဲ့ Online Booking စနစ်ကို ဇန်န၀ါရီ ၂၃ ရက်ကနေ စတင်ဖျက်သိမ်းလိုက်ပြီလို့ ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှု ဦးစီးဌာနက ကြေညာပါတယ်။ 

မသမာသူလူတစုဟာ မမှန်မကန်ပြုလုပ်ဖို့ ရည်ရွယ်ချက်နဲ့ ယာဉ်အမှတ်တွေကို အွန်လိုင်းကနေ ကြိုတင်စာရင်းသွင်း ရယူထားပြီး ခွင့်ပြုယာဉ်စီးရေ ပြည့်မီသွားချိန်မှာ အမှန်တကယ် ယာဉ်စစ်ဆေးလိုတဲ့ ယာဉ်ပိုင်ရှင်တွေထံကနေ အခကြေးငွေ တောင်းခံကာ ကြိုတင် Booking ယူထားတဲ့ ယာဉ်အမှတ်တွေကို ပယ်ဖျက်ပြီး အမှန်တကယ် ယာဉ်စစ်ဆေးလိုတဲ့ ယာဉ်အမှတ်ကိုအစားထိုပြောင်းလဲ ရက်ချိန်းရယူပေးနေကြတယ်လို့ ဆိုပါတယ်။ 

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနအနေနဲ့ မှတ်ပုံတင်ယာဉ်မှန်ကန်ခြင်း ရှိ/မရှိ စစ်ဆေးဖို့ အွန်လိုင်းစနစ်နဲ့ ယာဉ်စစ်ရက်ချိန်းကြိုတင်ရယူတာကို ၂၀၁၈ သြဂုတ် ၂၀ ရက်က ရန်ကုန်တိုင်းမှာစတင်ခဲ့ပြီး မန္တလေးတိုင်းမှာတော့ ၂၀၁၈ အောက်တိုဘာ ၁ ရက်က စတင်ခဲ့တာပါ။ 

ဒါပေမယ့် အွန်လိုင်းကနေ ကြိုတင်ရက်ချိန်းရယူထားတဲ့ ယာဉ်အရေအတွက်ရဲ့ ၆၀ ရာခိုင်နှုန်းလောက်သာ အမှန်တကယ် လာရောက်ပြီး ၄၀ ရာခိုင်နှုန်းကတော့ မလာရောက်ကြ ဘူးလို့ သိရပါတယ်။ 

ဒါကြောင့် နောင်မှာ ယာဉ်စစ်ရက်ချိန်းရယူပြီးနောက် ရက်ချိန်းပြန်လည် ပယ်ဖျက်နိုင်တော့မှာမဟုတ်ဘဲ ပျက်ကွက်ပါက ပျက်ကွက်တဲ့ရက်ကနေ နှစ်လအတွင်း နောက်ထပ်ရက်ချိန်း ယူလို့မရအောင် ပိတ်တား စာရင်းသွင်း ဆောင်ရွက်သွားမယ်လို့လည်း အသိပေး ကြေညာထားပါတယ်။

DVB 

No comments:

Post a Comment