ဗြိတိန်နိုင်ငံ မန်ချက်စတာမြို့ ဘူတာရုံမှာ နှစ်သစ်ကူးအကြိုနေ့က ဖြစ်ပွားခဲ့တဲ့ ဓားကိုင်တိုက်ခိုက်မှုကို အကြမ်းဖက်တိုက်ခိုက်မှုအဖြစ် စုံစမ်းစစ်ဆေးနေကြောင်း မြို့ရဲ့ ရဲအကြီးအကဲက အင်္ဂါနေ့မှာ ပြောပါတယ်။
အဆိုပါ ဓားကိုင်တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး လူတစ်ဦးကို တန်ပြန်အကြမ်းဖက် နှိမ်နင်းရေးတာဝန်ရှိသူတွေက ဖမ်းဆီးထားပြီး ၎င်း မကြာခင်က နေထိုင်ခဲ့ရာ နေအိမ်ကိုလည်း ရှာဖွေစီးနင်းမှုတွေ လုပ်ဆောင်နေကြောင်း မြို့ရဲ့ ရဲချုပ် အန်းဟော့ကင်းက ပြောတာပါ။
မန်ချက်စတာဗစ်တိုးရီးယား ဘူတာရုံမှာ တနင်္လာနေ့ ညနေပိုင်းက လူတစ်ဦးဟာ အလာဟ်လို့ ဟစ်ကြွေးပြီး ဓားကိုင်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ တိုက်ခိုက်မှုအတွင်းမှာ ရဲတာဝန်ရှိသူတစ်ဦးအပါအဝင် လူသုံးဦး ဒဏ်ရာရကြောင်း သိရပါတယ်။
အသက် ၅၀ ဝန်းကျင် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ ဒဏ်ရာပြင်းထန်တာကြောင့် ဆေးရုံမှာ တင်ထားကုသပေးနေရတုန်း ရှိပါတယ်။ ရဲတာဝန်ရှိသူကတော့ ပခုံးမှာ ဓားဒဏ်ရာရခဲ့တာလို့ အန်းဟော့ကင်းက ပြောပါတယ်။
“ကျွန်တော်တို့ ဒီအမှုကိစ္စကို အကြမ်းဖက်မှုအဖြစ် အမှုဖွင့်ပြီး စုံစမ်းစစ်ဆေးနေပါတယ်။ ရဲဌာနရဲ့ အကူအညီနဲ့ တန်ပြန်အကြမ်းဖက်နှိမ်နင်းရေး တာဝန်ရှိသူတွေ ဒီအမှုကို ကိုင်တွယ်နေပါတယ်။”လို့ ၎င်းက ဆိုပါတယ်။
“ဖြစ်စဉ်အသေးစိတ်ကို ကွင်းဆက်လိုက် ခြေရာခံနေပြီး တိုက်ခိုက်သူ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကိုလည်း ဖော်ထုတ်လျက် ရှိနေပါတယ်။”လို့ ၎င်းက ပြောခဲ့ပါတယ်။
Mizzima - News in Burmese

No comments:
Post a Comment