မသင်္ကာဖွယ်ရာ ဆိုင်ကယ်တစ်စီးအား ရပ်တန့်ခိုင်းစဉ် သယ်ဆောင်လာသော စိတ်ကြွရူးသွပ်ဆေးပြားအထုပ်အား လမ်းပေါ်ပစ်ချပြီး ဆိုင်ကယ်မောင်းနှင်၍ ထွက်ပြေးသွားမှု မောင်တောမြို့နယ်တွင် ဖြစ်ပွားခဲ့သည်။
ဇန်နဝါရီလ ၃၀ ရက် မွန်းလွဲ ၃နာရီခွဲ အချိန်ခန့်က မောင်တောမြို့နယ်၊ လှဘော်ဇားရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များသည် နယ်မြေသတင်းစုံစမ်းနေစဉ် လှဘော်ဇား-ကျွဲတာပြင် သွားကားလမ်းတွင် အမျိုးသားတစ်ဦးစီးနင်းမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်သည် နောက်ပြန်လှည့်မောင်းသွားသည်ကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် ရပ်တန့်ခိုင်းစဉ် ဆိုင်ကယ် ပေါ်တွင် တင်ဆောင်လာသည့် အထုပ် ၁ ထုပ်အား လမ်းဘေးလယ်ကွင်းစပ်သို့ပစ်ချပြီး မောင်းနှင်ထွက်ပြေးသွားခဲ့သည်။
သက်သေများနှင့်အတူ အဆိုပါအထုပ်အား ဖွင့်ဖောက်စစ်ဆေးရာ ငရုတ်သီးခြောက်များဖြင့်ရောနှောသိုဝှက် ထားသည့် ပလတ်စတစ်ကပ်ခွာအိတ်များအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၈၀၀၀ ပြား(ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၂၄၀ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ပြင်ဖြူနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက် ရှိကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့မှ သိရသည်။
SOURCE - CCDAC MYANMAR
Popular News Journal

No comments:
Post a Comment