သတင်းထောက်များအပေါ် နှုတ်ဖြင့်စော်ကားမှုများ ပြုလုပ်သည်ဟုဆိုကာ ရတနာပုံ တက္ကသိုလ် ရုက္ခဗေဒဌာနမှူး ဒေါက်တာ ခင်သက်ကျော်ကို မန္တလေးအခြေစိုက် သတင်းသမားများက ပုဒ်မ ၅၀၀ အပါအ၀င် အခြားပုဒ်မများနှင့်ပါ တရားစွဲရန် စီစဉ်နေကြာင်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၈ ရက်က ရတနာပုံတက္ကသိုလ်ရှေ့၌ ကျောင်းသားခေါင်းဆောင်များ ဆန္ဒထုတ်ဖော်ရာတွင် သတင်းရ ယူနေသည့် သတင်းသမားများအပေါ် နှုတ်ဖြင့် စော်ကားပြောဆိုခြင်းများရှိခဲ့သည့်အတွက် ယခုကဲ့သို့ စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။
“သတင်းမီဒီယာတွေကို ပြန်တောင်းပန်ဖို့ စောင့်နေတယ်။ MPC ကိုလည်း စာပို့ထားတယ်။ နောက်ထပ် စာထပ်ပို့ဖို့လည်း စီစဉ် ထားတာရှိတယ်။ ဘယ်လိုပုဒ်မတွေနဲ့ အမှုဖွင့်မလဲဆိုတာကတော့ ဥပဒေပညာရှင်တွေနဲ့ တိုင်ပင်နေတုန်းပါ။ ပုဒ်မ ၅၀၀ က တော့ ပါမှာပါ။ တခြား ပုဒ်မတွေလည်း ပါဦးမှာပါ” ဟု မန္တလေးအခြေစိုက် သတင်းသမားတစ်ဦးဖြစ်သည့် ကိုနိုင်လင်းဦး ကပြောသည်။
ရတနာပုံတက္ကသိုလ်၌ ကျောင်းသားခေါင်းဆောင်များ ဆန္ဒထုတ်ဖော်ရာတွင် သတင်းရယူနေသည့် သတင်းသမားများအား ရုက္ခ ဗေဒဌာနမှူး ဒေါက်တာခင်သက်ကျော်မှ “မြှောက်ပင့်ပေးတဲ့ သတင်းထောက်တွေကို ရိုက်၊ စပွန်ဆာရလို့ လုပ်စားနေတာ အဲဒီ ကောင်တွေ အဲဒီလူတွေကို ရိုက်၊ ကလေးတွေကို မြှောက်ထိုးပင့်ကော်နဲ့ လမ်းမှားရောက်အောင် လုပ်နေတဲ့သူတွေကို ရိုက်” ဟု ပြောဆိုခဲ့ကြောင်း ဒီဇင်ဘာလ ၂၉ ရက်က မန္တလေးအခြေစိုက်သတင်းသမားများ ထုတ်ပြန်ထားသည့် ကြေငြာချက်တွင် ပါရှိ သည်။
လက်ရှိတွင် အဆိုပါ ပြောဆိုမှုနှင့် ပတ်သက်ပြီး (၇)ရက်အတွင်း တရားဝင်ဖြေရှင်းတောင်းပန်ရန် ရတနာပုံ တက္ကသိုလ် ပါမောက္ခ ချုပ် ဒေါက်တာမောင်မောင်နိုင်ထံ အကြောင်းကြားထားကြောင်း သိရသည်။
ရတနာပုံတက္ကသိုလ်အား လုံခြုံရေးတိုးမြှင့်ပေးရန်အပါအဝင် ပျက်စီးနေသော သန့်စင်ခန်းများ ပြုပြင်ပေးရန်တို့ ဆန္ဒထုတ်ဖော်ခဲ့ ကြသည့် ကျောင်းသားခေါင်းဆောင် (၇)ဦးမှာလည်း ပုဒ်မ ၅၀၅(ခ) အပါအဝင် ပုဒ်မ ၅ ခုဖြင့် အမှုဖွင့် ဖမ်းဆီးခံထားရကြောင်း သိရသည်။
ချမ်းငြိမ်း(အကုန်သိ သတင်းဌာန)

No comments:
Post a Comment