မကွေးတိုင်း အောင်လံမြို့နယ်အတွင်းရှိ စကြီးကျေးရွာတွင် လျှပ်စစ်မီးမရသည်မှာ ၃ လကြာမြင့်နေပြီ ဖြစ်သည့်အတွက် သမ္မတထံတိုင်ကြားထားပြီး ယင်းပြဿနာကို မဖြေရှင်းပေးပါက ဆန္ဒပြတောင်းဆိုမည်ဖြစ်ကြောင်း ယင်းကျေးရွာဒေသခံများထံမှ သိရသည်။
ယင်းကျေးရွာ မီးလင်းရေးကိုပြန်လည်ဆောင်ရွက်ပေးရန်နှင့် တရားစွဲဆိုခြင်းများကို ရုပ်သိမ်းပေးရန်အတွက် သမ္မတထံ တိုင်ကြားထားပြီး မဖြေရှင်းပေးပါက မကွေးတိုင်းအစိုးရအဖွဲ့ကို ဆန္ဒထုတ်ဖော်မည်ဖြစ်ကြောင်း စကြီးကျေးရွာသားများက ပြောကြားသည်။
ထိုသို့မီးဖြတ်ရခြင်းမှာ စကြီးကျေးရွာ အနောက်ဘက် ၂ မိုင်ကျော်ရှိ ကလုံမှော် ကျေးရွာသို့ လျှပ်စစ်မီးသွယ်တန်းရာတွင် စကြီးကျေးရွာအတွင်းမှ 11-KV ကြိုးများ ချိတ်ဆက်သွယ်တန်း တပ်ဆင်ခြင်းအပေါ် မီးလင်းရေးကော်မတီနှင့် ဒေသခံရွာသူ/သားများက ကန့်ကွက်ခဲ့သဖြင့် မီးဖြတ်ခြင်းဖြစ်ကြောင်း စကြီးကျေးရွာဒေသခံ ဒေါ်ညိုညိုစန်းက ပြောကြားသည်။
“မီးဖြတ်ခံရတယ်၊ တရားစွဲခံရတယ်။ ဘာကြောင့် အဲလိုလုပ်တာလဲဆိုတာ သိချင်တယ်။ မီးဖြတ်လို့ တောင်သူတွေမှာ လုပ်ငန်းခွင်အခက်အခဲတွေ့တယ်။ ကျောင်းသားတွေအတွက် အခက်အခဲဖြစ်တယ်။ ကျွန်မတို့ကို တရားစွဲရင်စွဲပါ မီးတော့မဖြတ်သင့်ဘူး”ဟု ၎င်းက ပြောဆိုသည်။
ကလုံမှော်ကျေးရွာသို့ ချိတ်ဆက်သွယ်တန်းမည့် ထရန်စဖော်မာသည် လမ်းဆုံလမ်းကျဉ်းတွင် ရှိနေ၍ ကားများရှောင်ကွင်းရာတွင် မီးတိုင်များကိုပွတ်တိုက်မိပြီး လျှပ်စစ်အန္တရာယ်များ ကျရောက်မည်ကို စိုးရိမ်သဖြင့် ကန့်ကွက်ရခြင်းဖြစ်ကြောင်း စကြီးကျေးရွာမှ ဦးအောင်ဇော်ဝင်းက ပြောသည်။
“ရွာလမ်းတွေကျဉ်းတဲ့အတွက် ကုန်တင်ကုန်ချယာဉ်တွေ ယာဉ်တိုက်မှုဖြစ်တယ်။ မီးတိုင်တွေမှာလည်း မီးထပွင့်တာ ၄ ကြိမ်လောက်ရှိပြီ။ အဲဒါကြောင့် ရွာထဲကနေ မီးမဆွဲဖို့ မေတ္တာရပ်ခံတာပါ။ ဝန်ကြီးက သူကိုယ်တိုင်လည်းမမြင်ဘဲနဲ့ မီးဖြတ်တယ်၊ တရားစွဲခဲ့တာ၊ ရွာအပြင် ကနေပတ်ဆွဲရင် လက်ခံပါတယ်”ဟု ၎င်းက ဆိုသည်။
၂၀၁၇။၁၈ ဘဏ္ဍာနှစ်အတွက် အောင်လံမြို့နယ် စကြီးကျေးရွာမှ ကလုံမှော်ကျေးရွာနှင့် ကာမလေးကျေးရွာများသို့ လျှပ်စစ်ဓာတ်အားသွယ်တန်းနိုင်ရန်အတွက် တာဝန်ရှိသူများက လုပ်ကိုင်ရာတွင် စကြီးကျေးရွာနေ ဒေါ်ညိုညိုစန်းနှင့်အတူ လူဦးရေ ၅၀ ခန့်က ကန့်ကွက်ဟန့်တားနှောင့်ယှက်ကြသဖြင့် တာဝန်ဝတ္တရားနှောင့်ယှက်မှုဖြင့် တရားစွဲဆိုခဲ့ကြောင်း ၂၀၁၈ နိုဝင်ဘာ ၁၄ ရက်နေ့က မီဒီယာများနှင့် တွေ့ဆုံရှင်းလင်းပွဲတွင် သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်က ပြောကြားခဲ့သည်။
“တာဝန်ရှိသူတွေက လျှပ်စစ်မီးသွယ်တန်းရေးလုပ်ကိုင်ရာမှာ ဟန့်တားနှောင့်ယှက်တာ၊ ရာဇဝတ်မကင်းတဲ့ အနိုင့်ထက်ပြောဆိုခြင်းတွေလုပ်ပြီး အော်ဟစ်ခဲ့တယ်။ အဲဒါကြောင့် ဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူပေးဖို့ အမှုဖွင့်တာပါ”ဟု ဝန်ကြီး ဦးမြင့်ဇော်က ဆိုသည်။
Saturday, January 5, 2019
အောင်လံရှိ ကျေးရွာတစ်ရွာတွင် သုံးလအထိ မီးမလာသဖြင့် သမ္မတထံတိုင်ကြား၊ မရှင်းပေးလျှင် ဆန္ဒပြတောင်းဆိုမည်
အဆိုပါစကြီးကျေးရွာကို လက်ရှိ အချိန်ထိ မီးဖြတ်ထားပြီး မီးသွယ်တန်းရာတွင် ကန့်ကွက်ခဲ့ကြသည့် ဒေါ်ညိုညိုစန်းပါ ၅၀ ဦးကို ဝန်ကြီး ဦးမြင့်ဇော်က နိုဝင်ဘာ ၁၀ ရက်နေ့တွင် ပ ၅၃/ ၂၀၁၈၊ ပုဒ်မ ၃၅၃/ ၁၁၄ အရ အောင်လံမြို့နယ် ဓုရင်္ဂဗိုလ် ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း မကွေးတိုင်း အစိုးရအဖွဲ့ထံမှ သိရသည်။
The Voice
Subscribe to:
Post Comments (Atom)






0 comments:
Post a Comment