မန္တလေးတိုင်းရှိ တံတားဦးလေဆိပ်သည် အရှေ့တောင်အာရှတွင် လေယာဉ်ပြေးလမ်း အရှည်ဆုံးဖြစ်သဖြင့် အဆင့်မြှင့်တင်ရန် စီစဉ်နေပြီး အရှေ့တောင်အာရှတွင် နေရာကောင်းတစ်ခု ဖြစ်လာနိုင်ကြောင်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် က ဇန်နဝါရီ ၂၈ ရက်က နေပြည်တော်ရှိ MICC 2 တွင် ကျင်းပသည့် Invest Myanmar Summit 2019အခမ်းအနား၌ ပြောကြားသည်။
“ကျွန်တော်တို့ လေကြောင်းလိုင်းအနေနဲ့ ကြည့်မယ်ဆိုရင် တံတားဦးလေဆိပ်ဟာ မန္တလေးမြို့နဲ့ ၃၅ ကီလိုမီတာအကွာအဝေးမှာ ရှိပါတယ်။ လေယာဉ်ပြေးလမ်းဟာ အရှေ့တောင်အာရှမှာ အရှည်ဆုံးဖြစ်ပါတယ်။ ဂျပန်နဲ့ ကျွန်တော်တို့ ရင်းနှီးမြှုပ်နှံမှုနဲ့ မန္တလေးတိုင်း တံတားဦးလေဆိပ်ကို ဆောင်ရွက်နေတာ အခြေအနေတိုးတက်ကောင်းမွန်မှုတွေ ရှိပါတယ်။ တစ်နှစ်ကို ခရီးသည်သုံးသန်း လက်သင့်ခံလိုရပါတယ်။ အဲဒီဟာကို ထပ်ပြီး Upgrade လုပ်မယ်ဆိုရင် မန္တလေးတိုင်းဒေသကြီးဟာ အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ အရှေ့တောင်အာရှအတွက် နေရာကောင်းတစ်ခု ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်မို့ လေကြောင်းလိုင်းတွေ ဖိတ်ခေါ်ဖို့ကိုလည်း ကျွန်တော်တို့ ကြိုးစားပမ်းစားဆောင်ရွက်နေပါတယ်” ဟု ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။
“အဲဒီတော့ Connectivity အရဆိုရင် By Road,By Water Way , By Air သုံးခု စလုံးရှိတဲ့အတွက် ရင်းနှီးမြှုပ်နှံမှုလိုအပ်တဲ့ အချက်အလက်အရဆိုရင် ဒါဟာအရေးကြီးတဲ့ အချက်အလက်တစ်ခုဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
မန္တလေးမြို့သည် မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွင်ရှိပြီး မန္တလေးမြို့သည် မြန်မာနိုင်ငံတစ်နံတစ်လျားသို့ ဆက်သွယ်သွားလာနိုင်ကြောင်း၊ တည်နေရာအရ မန္တလေးတိုင်းသည် မြန်မာနိုင်ငံအလယ်ပိုင်းတွင် ရှိသကဲ့သို့ အင်အားကြီးနိုင်ငံတစ်ခုဖြစ်သည့် တရုတ်နှင့် အိန္ဒိယနိုင်ငံ၏ ကြားတည့်တည့်တွင် ရှိနေကြောင်း၊ တရုတ်ပြည်က ဝင်လာသည့် ကုန်ပစ္စည်းများနှင့် အိန္ဒိယမှ ဝင်လာသည့် ကုန်စည်များအားလုံး မန္တလေးကို ဖြတ်ရကြောင်း၊ ယင်းကြောင့် တည်နေရာအရ မန္တလေးတိုင်းဒေသကြီးသည် အနာဂတ်တွင် ရင်းနှီးမြှုပ်နှံရန် အလားအလာအကောင်းဆုံး နေရာတစ်ခုဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆက်လက်ပြောကြားသည်။
“ဒါကြောင့်မို့လည်း အရှေ့တောင်အာရှရဲ့ Smart City 10 နိုင်ငံထဲမှာ မန္တလေးကို ထည့်သွင်းထားတာ ဖြစ်ပါတယ်။ အလားတူ Potential အရှိဆုံးနေရာတွေမှာ မန္တလေးကို စင်ကာပူက လျာထားတာဖြစ်ပါတယ်။ ဒါကြောင့်မို့ ရင်းနှီးမြှုပ်နှံသူတွေ မန္တလေးကို မျက်စိကျနေကြပါတယ်” ဟု ဝန်ကြီးချုပ်က ဆက်လက်ပြောကြားသည်။
ဆက်သွယ်ရေးလမ်းကြောင်းများအပေါ်မူတည်ပြီး ရင်းနှီးမြှုပ်နှံသူများ စဉ်းစားကြကြောင်း၊ Connectivity အရ ကြည့်မည်ဆိုပါက အာဆီယံ Highway 1 အပြင် အာဆီယံ Highway 2 လမ်းကြောင်းပါ မန္တလေးတိုင်းဒေသကြီးကို ဖြတ်သန်းသွားကြောင်းလည်း သိရသည်။
Eleven Media Group

No comments:
Post a Comment