Thursday, January 24, 2019

မိုးကုတ်တွင် တစ်နိုင်တစ်ပိုင် ကျောက်မျက်လုပ်ကွက်များ ချပေးမည်


မိုးကုတ်တွင် တစ်နိုင်တစ်ပိုင် ကျောက်မျက်လုပ်ကွက်များကို ယခုနှစ်အတွင်း လုပ်ကိုင်ခွင့်ချပေးမည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနထံမှ သိရသည်။ 

လတ်တလောတွင် အသေးစားနှင့် တစ်နိုင်တစ်ပိုင် လုပ်ကွက်များ ပေးနိုင်ရန်အတွက် မြေဧရိယာတိုင်းတာခြင်းများ ဆောင်ရွက်နေပြီး လုပ်ထုံးလုပ်နည်းအရ ကျောက်မျက်လုပ်ကွက် မြေဧရိယာနှင့် မလွတ်ကင်းသည့် အဆောက်အအုံများကို ညှိနှိုင်းဆွေးနွေးရန် ဆောင်ရွက်နေကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။ 

“ကျောက်မျက်တွေအတွက် တစ်နိုင်တစ်ပိုင်ပေးဖို့က ဧက အသေးလေးတွေဖြစ်တဲ့အတွက် မြေပြန်တိုင်းရတယ်။ အသေးစားတူးဖော်ချင်တဲ့ ဒေသခံလုပ်ငန်းရှင်တွေကိုလည်း မကြာခင် လျှောက်လွှာတွေခေါ်ပြီး လုပ်ကိုင်ခွင့်တွေ ချပေးသွားမယ်”ဟု ယင်းဌာန၏ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။ 

ကျောက်မျက်ရတနာ လက်လုပ်လက်စား လုပ်ကွက်များလျှောက်ပါက တစ်ကွက်လျှင် အာမခံစပေါ်ငွေ ကျပ်ငါးသိန်းတင်ရမည်ဖြစ်ပြီး လုပ်ကွက်လျှောက်ထားသူသည် ကျောက်မျက်ရတနာလုပ်ကွက် အကြီးစား၊ အလတ်စား၊ အသေးစား တူးဖော်ခွင့်ရရှိသူမဖြစ်စေရဘဲ လူတစ်ဦးလျှင် လုပ်ကွက်သုံးကွက်သာ အများဆုံး လျှောက်ထားနိုင်မည်ဖြစ်သည်။ 
မိုးကုတ်တွင် ပတ္တမြား၊ နီလာ သက်တမ်းကုန်လုပ်ကွက်များကို သက်တမ်း ထပ်မတိုးပေးသည့်အတွက် ဒေသခံများ အရောင်းအဝယ်လုပ်နေသည့် အောက်ကျောက်များ ရှားပါးလာကာ အရောင်းအဝယ်အေးစက်လျက်ရှိကြောင်း ကျောက်မျက်လုပ်ငန်းရှင် ဦးထွန်းကဆိုသည်။ 
“တစ်နိုင်တစ်ပိုင် လုပ်ကွက်ပေးပြီး ဒီက ကျောက်တွေကို ပြန်ပြီးအရောင်းအဝယ်လုပ်မယ်ဆိုရင် ဒေသခံတွေ အလုပ်အကိုင်တွေ ပိုရတယ်။ မိုးကုတ်မှာက ပတ္တမြား၊ နီလာကို အဓိက ရောင်းဝယ်လုပ်ကြတာ။ လုပ်ကွက် အသေးလေးတွေပေးတာ ဝင်ငွေနည်းလူတန်းစားတွေအတွက် ကောင်းပါတယ်”ဟု ၎င်းကဆိုသည်။ 

ရတနာနယ်မြေအသီးသီးတွင် သက်တမ်းတိုးခွင့်မပေးသည့် ကျောက်စိမ်း၊ ကျောက်မျက်လုပ်ကွက်ပေါင်း ၆၀၀ဝ နီးပါးရှိနေပြီဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်အထိ သက်တမ်းကျန်ရှိသည့် ကျောက်စိမ်း၊ ကျောက်မျက်လုပ်ကွက်ပေါင်းမှာ ထောင်နှင့်ချီ ကျန်ရှိနေသေးသည်။ 

The Voice

No comments:

Post a Comment