Wednesday, January 23, 2019

စည်ပင်ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဟု ဦးဖြိုးမင်းသိန်းပြော


စည်ပင်ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီဝင်များပါ ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်သည်။ 

နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ရပ်ဖြစ်သည့် အာရှဖောင်ဒေးရှင်းနှင့် ရန်ကုန်မြို့ အခြေ စိုက် ဥာဏ်သစ်လင်း မူဝါဒဆိုင်ရာ သုတေသနအဖွဲ့ (Renaissance Institute) တို့က စီစဉ်သော စည်ပင်သာယာရေး အဖွဲ့များ၏ ကောင်းမွန်သော အလေ့အထများ မျှဝေခြင်း အလုပ်ရုံဆွေးနွေးပွဲတွင် စည်ပင်ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

"ပါတီတွေ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ အတွက်လည်း ဆောင်ရွက် ပေးသွားရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ စည်ပင် သာ ယာဥပဒေ နည်းဥပဒေတွေနဲ့အညီ ဆောင်ရွက်ဖို့ဖြစ်ပါတယ်။ တချို့ စည်ပင်သာယာ ရွေးကောက်ပွဲ ကော်မရှင်ဘက်က ပါတီတွေ ဝင်ရောက် ယှဉ်ပြိုင်ရေးမှာ ဝိဝါဒ ကွဲလွဲမှုတွေရှိပါတယ်။ ဒါပေမဲ့ တိုင်းဒေသကြီး အစိုးရဘက်နဲ့ တိုင်းဒေသကြီး စည်ပင်သာယာ ဥပဒေအား လုံးဟာ နိုင်ငံရေး ကင်းရှင်းရမယ်။ နိုင်ငံရေးပါတီ မပါဝင်ရဘူးဆိုတဲ့ သဘော ထားလုံးဝမရှိပါဘူး။ ဘာကြောင့်လဲဆို ပါတီအဖွဲ့ အစည်းတွေကို ထူထောင်ရပ်တည်ထားတာဟာ ဒေသန္တရ အုပ် ချုပ်ရေးမှာပဲ ဖြစ်ဖြစ်၊ ပြည်ထောင်စုအဆင့် အုပ်ချုပ်ရေး တွေမှာ ပဲဖြစ်ဖြစ်၊ အသင်းအဖွဲ့အလိုက် ဆောင်ရွက်နိုင်ဖို့ အတွက် ဒီမိုကရေစီ နိုင်ငံတစ်ခုမှာ ပါတီအဖွဲ့အစည်းတွေကို ထူထောင်ထားတာ ဖြစ်ပါတယ်"ဟု ဦးဖြိုးမင်းသိန်း ကပြောသည်။ 

ရန်ကုန်မြို့ကို စနစ်တကျဖွံ့ဖြိုးတိုးတက်ရန် ကြိုးပမ်းဆောင်ရွက်နေပြီး ဖြေလျော့မှုများ ဆောင်ရွက်နိုင်ရန်နှင့် ပြုပြင်ပြောင်းလဲမှု များကို ဆောင်ရွက်နိုင်ရန်အတွက် ပြည်သူလူထုကိုယ်တိုင်က စည်ပင်သာယာ၏ ပြုပြင်ပြောင်း လဲမှုများကို အသိအမှတ်ပြုပြီး ထောက်ခံမှုတွေ ရလာနိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ၎င်းကပြောသည်။ 

ရန်ကုန်စည်ပင်ရွေးကောက်ပွဲကို ၂၀၁၉ ခုနှစ် မတ်လအတွင်း ကျင်းပသွားမည်ဖြစ်ပြီး ကော်မတီဝင် ၆ ဦးနေရာအတွက် ရွေးချယ် သွား မည်ဖြစ်ကြောင်း သိရသည်။ 

ချမ်းငြိမ်း(အကုန်သိ သတင်းဌာန)    

0 comments:

Post a Comment