မန္တလေးမြို့ ရတနာပုံတက္ကသိုလ်အတွင်း လုံခြုံရေး ၊ သန့်ရှင်းရေးအတွက် ဝန်ထမ်းများ တိုးမြှင့်ချထားပေးရေး နှင့် ဖမ်းဆီးခံကျောင်းသားများ ပြန်လွှတ်ပေးရေး တောင်းဆိုနေသည့် ရတနာပုံတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (ဗကသ) ကျောင်းသား (၄) ဦးအား ဇန်နဝါရီလ ၂ ရက်နေ့ က ထပ်မံဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
ဖမ်းဆီးခေါ်ဆောင်ရာတွင် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ယူနီဖောင်းဝတ်ဆင်ထားခြင်းမရှိပဲ အရပ်ဝတ်များဖြင့် ဖမ်းဆီးခြင်းဖြစ်ပြီး ဖမ်းဆီးခံရသည့် ကိုဘုန်းမြင့်ကျော်ပါ (၄) ဦးမှာ ၄၃၅/၅၀၅(ခ)/၁၁၄/၃၅၃ နှင့် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စည်တန်းလှည့်လည်ခြင်းဥပဒေ ပုဒ်မ - ၁၉ ဖြင့် ဝရမ်းထုတ်ခံထားရသူများဖြစ်သည်။
"ကျွန်တော်တို့ကို အရပ်ဝတ်နဲ့လာဖမ်းတာ ဘယ်သူဘယ်ဝါမှန်းမသိရဘူး ။ လူဆိုးလား လူကောင်းလား မသိရဘူး ။ ကျောင်းသားကို သတ်တဲ့လူတွေကျ အခုထိမဖမ်းမိသေးပဲ နဲ့ ငြိမ်းချမ်းစွာတောင်းဆိုတဲ့ ကျွန်တော်တို့ကို အခုလိုဖမ်းတာ ပြည်သူ့ရဲတဲ့လား" ဟု ဖမ်းဆီးခံရသည့် ရတနာပုံ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (ဗကသ) မှ ကိုဘုန်းမြင့်ကျော် က ပြောသည်။
ရတနာပုံ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (ဗကသ) မှ ကိုကျော်သီဟရဲကျော်၊ ကိုရဲမင်းထွန်း ၊ ကိုရဲမျိုးဆွေ တို့အား အလားတူအမှုများဖြင့် အသီးသီး အမှုဖွင့်ထားပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့က ဖမ်းဆီးထားပြီး ဖြစ်သည်။
ရတနာပုံ ဗကသ အနေဖြင့် သန့်ရှင်းရေး နှင့် လုံခြုံရေး ဝန်ထမ်းများ တိုးမြှင့်ချထားရေးအတွက် အကြိမ်ကြိမ် တောင်းဆိုမှုများလုပ်ဆောင်နေသော်လည်း သက်ဆိုင်ရာ ဖြေရှင်းပေးခြင်းမရှိသေးကြောင်း သိရသည်။
The Fifth Wave News

No comments:
Post a Comment