ယခုသီတင်းပတ်အတွင်းက မြောက်ပင်လယ်ထဲမှာ ဖြတ်သန်းခုတ်မောင်းခဲ့တဲ့ ကုန်တင်သင်္ဘောတစ်စင်း မုန်တိုင်းမိပြီး ယင်းရဲ့ကုန်သေတ္တာ အလုံးပေါင်း ၂၇၀ လောက် ရေထဲ ပြုတ်ကျဆုံးရှုံးသွားမှုဖြစ်စဉ် ဖြစ်ပြီးနောက် ယခုအခါ အနီးအနားဝန်းကျင်က ဒက်ခ်ျနဲ့ ဂျာမနီ ကမ်းရိုးတန်းတွေမှာ ရှင်းလင်းရေးလုပ်ငန်းတွေ အင်တိုက်အားတိုက် လုပ်ဆောင်နေကြရလျက် ရှိပါတယ်။
ပင်လယ်ပြင်တွင်း အဆိုပါ ကုန်သေတ္တာတွေ သင်္ဘောပေါ်ကနေ ပြုတ်ကျခဲ့ပြီးနောက် ဒက်ခ်ျနဲ့ ဂျာမန် ကမ်းရိုးတန်းတွေမှာ ကုန်ပစ္စည်း အပျက်အစီး အစိတ်အပိုင်းတွေ စုပုံရောက်ရှိလာခဲ့တာဖြစ်ပါတယ်။
ယင်း ကမ်းရိုးတန်း အပျက်အစီး အစုအပုံ ရှင်းလင်းရေးအတွက် ကျသင့်တဲ့ ကုန်ကျစရိတ် အပြည့်အဝကို ကျခံထုတ်ပေးသွားမှာဖြစ်ကြောင်း သင်္ဘော ပိုင်ရှင် ကုမ္ပဏီက ထုတ်ပြန်လာခဲ့ပါတယ်။
ဒါ့အပြင် ယမန်နေ့တုန်းအထိလည်း ယင်း ကမ်းရိုးတန်း အမှိုက်သရိုက် ရှင်းလင်းရေးမှာ နယ်သာလန် စစ်တပ်ကတောင် ပါဝင် ကူညီလုပ်ဆောင်ပေးခဲ့ရပါတယ်။
ပနားမားမှာ မှတ်ပုံတင်ထားတဲ့ ကုန်တင်သင်္ဘော MSC Zoe ဟာ ပင်လယ်ပြင်အတွင်း ရာသီဥတု ဆိုးရွားမှုနဲ့ ကြုံပြီး ယင်းပေါ်မှာ တင်ဆောင်လာတဲ့ ကွန်တိန်နာတွေ ရေထဲ ပြုတ်ကျသွားခဲ့တာဖြစ်ကာ ယင်းတို့ထဲမှာတော့ အန္တရာယ်ရှိ ဓာတုပစ္စည်းတွေ ပါဝင်တဲ့ ကုန်သေတ္တာတွေလည်း ပါဝင်သွားကြောင်း သိရပါတယ်။
ဆုံးရှုံးသွားတဲ့ ကွန်တိန်နာတွေထဲမှာတော့ အရုပ်တွေ၊ အိမ်ထောင်ပရိဘောဂပစ္စည်းတွေ၊ ကားအပိုပစ္စည်းတွေ အများစု ပါဝင်သွားတယ်လို့ ဆိုပါတယ်။
အဆိုပါ သင်္ဘောဟာ နယ်သာလန် ကမ်းရိုးတန်း အနောက်မြောက်ဘက်က ကျွန်းစုတစ်စုဖြစ်တဲ့ Frisian ကျွန်းစု အပြင်ဘက် ပင်လယ်ပြင်မှာ ယခု ဖြစ်စဉ်နဲ့ ကြုံကြိုက်ခဲ့ရတာဖြစ်ပါတယ်။
Mizzima - News in Burmese

No comments:
Post a Comment